နေပြည်တော် ၁၈ မတ်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄ ပါ ရည်ရွယ်ချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၆(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ကော်မရှင် ရုံးခွဲများ ဖွင့်လှစ်နိုင်ရေးအတွက် ကော်မရှင်ရုံး၏ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ရန်ကုန်မြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်ဟု ပါရှိသော အသိပေးကြေညာချက်တစ်စောင်ကို မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရန်ကုန်ရုံးခွဲသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
သို့ဖြစ်ပါ၍ တိုင်ကြားစာပေးပို့လိုသူများသည် နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ဖြစ်စေ၊ ရန်ကုန်ရုံးခွဲသို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ ရန်ကုန်ရုံးခွဲသို့ ပေးပို့လိုသူများသည် အောက်ပါလိပ်စာအတိုင်း တိုက်ရိုက်ပေးပို့နိုင်ပါကြောင်း ACC Myanmar မှ အသိပေးကြေညာထားကြောင်း သိရသည်။
လိပ်စာ - အမှတ် - ၆၂(က) ရွှေတောင်ကြားလမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်းနံပါတ် - ဝ၁- ၅၃၂၆၀၇
Fax - ဝ၁- ၅၃၂၆၀၈


