ရန်ကုန် ၁၆ မတ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရန်ကုန်ရုံးခွဲ ဖွင့်ပွဲကို ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ်(၆၂-က) ရှိ အဆိုပါ ရုံးအဆောက်အဦ၌ ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်တွင် ကျင်းပသည်။ ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က ကော်မရှင်ရုံးခွဲ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားရာတွင် ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ရှိသူအားလုံးသည် မိမိတို့လုပ်ငန်းဆောင်ရွက်ရာတွင် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိထားရန် လိုအပ်ကြောင်း၊ ယင်းအချက်များသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ အသိပညာပေးမှုနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ အရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းထိန်းညှိပြီး သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ရန် ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ အစိုးရ၏ လည်ပတ်မှုစနစ်နှင့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များကြားတွင် ပိုမိုကောင်းမွန်သော အသိပညာများကို ဤရုံးခွဲမှ ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားရာတွင် ရန်ကုန်ရုံးခွဲကို ဗဟိုပြု၍ ဆက်စပ်နေသော တိုင်းဒေသကြီးများ/ပြည်နယ်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည့် အပြင် လူထုနှင့်ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ခွင့် ရရှိလာမည်ဖြစ်ကြောင်း၊ ရန်ကုန်ရုံးခွဲသည် အများပြည်သူ အကျိုးစီးပွားအတွက်သာလျှင် ဖြစ်ရမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သတင်းစကားများကို ဖလှယ်ရာ၊ အကြံပေး ဆွေးနွေး တိုင်ပင်ရာ၊ လေ့ကျင့်သင်ကြားပေးသောနေရာ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ရာနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာ နေရာတစ်ခုအဖြစ် မကြာခင်ဖြစ်လာလိမ့်မည်ဟုလည်း မျှော်လင့်ထားကြောင်း၊ ပြစ်မှုကျူးလွန်ပြီးမှ အရေးယူ ဆောင်ရွက်ရသော နည်းလမ်းထက် ကြိုတင်တားဆီးကာကွယ်သော နည်းလမ်းကို ဦးစားပေးပြီး ဆောင်ရွက်နေသည်ကို လူအများက သိရှိနားလည်ထားကြပြီးဖြစ်ပါကြောင်း၊ အမှန်စစ်စစ် အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းသည် မှားယွင်းသော အတွေ့အကြုံများမှ သင်ခန်းစာရယူပြုပြင်ပေးသော နည်းလမ်းဖြစ်ပြီး မိမိတို့ကိုယ်တိုင် အခြားသူများအတွက် သင်ခန်းစာပေးသူများ ဖြစ်မလာကြစေရန် ကြိုတင်ကာကွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည့်ဝသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် လွတ်လပ်မျှတသော လူနေမှုဘဝကို ခိုင်မြဲစွာတည်ဆောက်ရန် ရည်မှန်းလျက် အဂတိလိုက်စားမှုများကို အင်တိုက်အားတိုက် တက်ညီလက်ညီ တိုက်ဖျက် သွားကြရန်ဖြစ်ကြောင်းတို့ကို ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရန်ကုန်ရုံးခွဲ အဆောက်အဦအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကော်မရှင် ကမ္ဗည်းကြေးပြားအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး ဧည့်သည်တော်များနှင့်အတူ အဆောက်အဦအတွင်းသို့ လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ၊ UNDP ၊ UNODC ၊ သံရုံးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း အင်အား ၈၀ ခန့် တက်ရောက်ကြသည်။
အလားတူ ကော်မရှင်ရုံးခွဲကို မန္တလေးမြို့၌ ယခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ACC Myanmar မှ သိရသည်။
MDN


