တီဟီရန် ၂၀ နိုဝင်ဘာ
အီရန်နိုင်ငံ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၀၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (အေအိုင်) က ပြောကြားခဲ့သည်။
ယခုသေဆုံးခဲ့သည့် ပမာဏသည် လွန်ခဲ့သည့်နှစ်နှစ်က ဖြစ်ပွားခဲ့သည့် လူထုဆန္ဒပြမှုအတွင်း သေဆုံးရမှု၏ လေးဆရှိကြောင်း အေအိုင်က ပြောသည်။
မျက်မြင်တွေ့မြင်သူများ၊ လူမှု ကွန်ရက်မီဒီယာများနှင့် ပြည်ပ အခြေစိုက် အီရန်လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အစီရင်ခံချက် များကို အခြေခံပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ဆန္ဒပြသူ ၁၀၆ ဦးသေဆုံးခဲ့ကြောင်း အေအိုင်အဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု အီရန်အရေးကျွမ်းကျင်သူ ရာဟာဘာရာနီက ယမန်နေ့က တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၏ မြို့ပေါင်း ၂၁ မြို့ တွင် သေပျောက်မှုများရှိခဲ့ပြီး အနောက်ပိုင်း မြို့များဖြစ်သည့် ကာမန်ရှ၊ ဂျာဗန်ရောက်၊ ဘန်ဒါအီးမာရှာနှင့် ဆင်ခြေဖုံးဒေသများဖြစ် သည့် မာရီဝမ်၊ ဘာဘာဟန်များတွင် အသေအပျောက်အများဆုံး ဖြစ်ကြောင်း အေအိုင်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်က အီရန်လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဆန္ဒပြသူခုနစ်ဦး သေဆုံးခဲ့သေး ကြောင်းလည်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်က စတင်ခဲ့သည့် အီရန်ဆန္ဒပြမှုများတွင် သေဆုံးခဲ့သူများရှိခဲ့သည်ဟု ဆိုသော်ငြား လည်း အတိအကျ ထုတ်ပြန်ဖော်ပြနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အေအက်ဖ်ပီ


