အီတလီစီးရီးအေ ပွဲစဉ် (၁၇) မှ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့် အတ္တလန္တာနှင့် အင်တာမီလန် အသင်းပွဲစဉ်ကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ရာ အင်တာမီလန်အသင်းက အဓိကတိုက်စစ်ကစားသမား လော်တာရို မာတီနက်ဇ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို တစ်မှတ်အသာဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
နိုင်ပွဲဆက်နေသည့် အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်သည့်အတွက် အကြိတ်အနယ်ရှိပြီး နောက်ဆုံး မိနစ်အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် သွင်းယူရရှိခဲ့သော မားကပ်စ်သူရမ်၏ သွင်းဂိုးကို ဗွီအေအာရ် ကြည့်ရှုစစ်ဆေးပြီးနောက် ပယ်ဖျက်ခဲ့သည့်အတွက် ပထမပိုင်းတွင် ဂိုးမရှိ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။
အင်တာမီလန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် အက်စ်ပိုစစ်တို၏ ဖန်တီးမှုမှ အသင်းအဓိကတိုက်စစ်ကစားသမား လော်တာရို မာတီနက်ဇ်က အဆုံးသတ်သွင်းယူပေးခဲ့သည်။ အတ္တလန္တာအသင်းသည် ဂိုးရရှိနိုင်သည့် အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့ပေ။
ထို့အပြင် အတ္တလန္တာအသင်းသည် အင်တာမီလန်အသင်းကို ပွဲချိန်တစ်လျှောက် အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သော်လည်း အသင်းကစားသမားများ၏ အဆုံးသတ်ပိုင်းအားနည်းမှုနှင့် ခံစစ်ပိုင်း အမှားလုပ်ဆောင်မှုကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
စီးရီးအေ ၁၆ ပွဲ ကစားပြီးချိန်တွင် အင်တာမီလန်အသင်းက ရမှတ် ၃၆ မှတ်နှင့်အတူ တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။
အောင်ဇော်


