ဩဂုတ် ၁၄
အီတလီနိုင်ငံတောင်ပိုင်း လမ်ပဒူဆာကျွန်းအနီးတွင် လှေနှစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၂၆ ဦး ထက်မနည်းသေဆုံးပြီး လူပေါင်း ဒါဇင်များစွာပျောက်ဆုံးနေဆဲဖြစ်ကြောင်း အီတလီမီဒီယာနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ယမန်နေ့ကဖော်ပြထားသည်။
အဆိုပါလှေတိမ်းမှောက်မှုသည် ထိုကျွန်းတောင်ဘက် ရေမိုင် ၁၄ မိုင်အကွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ရဲဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီးသည် ဘေးအန္တရာယ်ကြုံတွေ့နေသော ပထမလှေတစ်စီးကိုတွေ့ရှိခဲ့ပြီး ယင်းနေရာသို့ ကယ်ဆယ်ရေးသမားများရောက်ရှိချိန်တွင် လှေတိမ်းမှောက်မှုဖြစ်ပွားပြီး ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
ထိုလှေမတော်တဆမှုမှအသက်ရှင်ကျန်ရစ်သူများသည် ကယ်ဆယ်ရေးအဖွဲ့များအား ဒုတိယလှေ နစ်မြုပ်သွားကြောင်း အကြောင်းကြားခဲ့သည်။ ယင်းလှေနှစ်စင်းပေါ်တွင် စုစုပေါင်း လူ ၁၀၀ ခန့် လိုက်ပါခဲ့ပြီး ၎င်းတို့အနက် လူပေါင်း ၆၀ သည် ကမ်းခြေသို့ ဘေးကင်းစွာဖြင့် ရောက်ရှိခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် လက်ရှိအချိန်အထိ ရုပ်အလောင်း ၂၆ လောင်းကို ဆယ်ယူရရှိထားပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အတည်ပြုသေဆုံးမှုများအပြင် အခြားအများအပြားကို စာရင်းမပြုစုရသေးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လူမှုမီဒီယာတွင်ပြောကြားထားကာ အသက်ရှင်ကျန်ရစ်သူ ၆၀ အတွက် အမိုးအကာများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။
အီတလီနိုင်ငံ၏တောင်ဘက်စွန်းတွင်တည်ရှိသောလမ်ပဒူဆာကျွန်းသည် မြေထဲပင်လယ်မှတဆင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ဝင်ရောက်ရန်ကြိုးပမ်းနေသော အာဖရိကမှဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အရေးပါပြီး အချက်အချာကျသောနေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


