၈ အောက်တိုဘာ

 

 

အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ ၂ဝ ရာစု အလယ်ပိုင်းအထိ တီဘီရောဂါဟာ လူအများအပြားကို သေဆုံးစေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၇ ခုနှစ်က တီဘီရောဂါကြောင့် လူပေါင်း ၄၂၁,ဝ၀ဝ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

 

ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ အစိုးရက လူဦးရေ ၁.၃ ဘီလီယံကို ဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမယ်လို့ ကတိပေးပြီး အာဏာရရှိလာတာ ဖြစ်ပါတယ်။ မိုဒီအစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တီဘီရောဂါ တိုက်ဖျက်ရေးကို ၂၀၂၅ ခုနှစ် အရောက်မှာ အပြီးတိုင် အဆုံးသတ်ရေး ဖြစ်ပါတယ်။  ရည်မှန်းချက် ပြည့်မီရန်အတွက် ရောဂါဖြစ်နှုန်းဟာ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်း ကျဆင်းရန် လိုအပ်ပါတယ်။

 

 

မီးခိုးငွေ့တွေနဲ့ မွန်းကျပ်နေတဲ့ နယူးဒေလီမြို့ရဲ့ အပြင်က ဆင်းရဲသား ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ဘဟာတီ ဟာ တီဘီရောဂါရှင် ၂.၇ သန်းထဲက တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံမှာ တီဘီရောဂါခံစားသူ ၂.၇ သန်း ရှိတဲ့အတွက် ကမ္ဘာမှာ တီဘီရောဂါ ခံစားသူ လေးပုံတစ်ပုံကျော်ဟာ အိန္ဒိယနိုင်ငံကလို့ ပြောနိုင်ပါတယ်။ ဘဟာတီဟာ တီဘီဆေးကို ငါးလတိုင် သောက်ပြီးသည့်တိုင် အသက်ရှူရတာ ပုံမှန်မဖြစ်သေးကြောင်း၊ အားမရှိသလိုဖြစ်ခြင်း၊ ဘာမှမလုပ်ချင်သလို ဖြစ်နေဆဲလို့ ပြောပါတယ်။

 

 

တီဘီရောဂါဟာ ဆင်းရဲသားတွေကြားမှာ ပျံ့နှံ့လွယ်တဲ့ ရောဂါလို့ ခေါ်ဆိုနိုင်ကြောင်း၊ စီးပွားရေးကို မြှင့်တင်နိုင်ခြင်း၊ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှသာ ကျန်းမာရေး မြှင့်တင်နိုင်မယ်လို့ လူမှုအဖွဲ့အစည်းဖြစ်တဲ့ PATH အဖွဲ့က ဆရာဝန် ရှီဘူး ဗီဂျာယမ်က ပြောပါတယ်။

 

 

ပြင်သစ်နိုင်ငံမှာ အောက်တိုဘာ ၉-၁၀ ရက်တွင် ကျင်းပမယ့် ဂလိုဘယ်ဖန်း (The Global Fund) ရဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာတစ်ဝန်းရှိ တီဘီရောဂါ၊ ငှက်ဖျားရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံအထိ တိုးမြှင့်သုံးစွဲဖို့ မျှော်လင့်ရပါတယ်။

 

 

MDN

ကိုးကား-AFP