၄ နိုဝင်ဘာ

 

 

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီဟာ အဆိပ်အတောက်ပါတဲ့ မီးခိုးငွေ့တွေနဲ့ ဖုံးအုပ်နေပါတယ်။ မီးခိုးငွေ့တွေရဲ့ အခြေအနေဟာ အခုနှစ်ပိုင်း အတွင်းမှာ အဆိုးဝါးဆုံး အခြေအနေဖြစ်ပြီး ရာချီတဲ့ လေယာဉ်တွေဟာ မီးခိုးငွေ့တွေကြောင့် ဆင်းသက်လို့မရတဲ့အတွက် လှည့်ပြန်ရတာမျိုး၊ အချိန်ရွေ့ပြောင်းရမျိုးအထိ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံရေးသမားတွေက ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အပြစ်တင်နေကြပါတယ်။

 

 

နယူးဒေလီမှာ နေထိုင်တဲ့ လူသန်း ၂၀ လောက်ဟာ နှစ်စဉ်ဆောင်းရာသီတိုင်းမှာ ကားတွေက ထွက်တဲ့ အဆိပ်မီးငွေ့၊ စက်ရုံတွေက ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ နယူးဒေလီ အနီးပတ်ဝန်းကျင်က လယ်တွေကို မီးရှို့ရာမှ ထွက်လာတဲ့ မီးငွေ့တွေရဲ့ ဒဏ်ကို ခံစားကြရပါတယ်။ ထို့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ဟိန္ဒူဘာသာရေးပွဲတော် ဒေပါဝလီကနေ ထွက်လာတဲ့ မီးရှူးမီးပန်း ပစ်ဖောက်ရာကနေ ထွက်လာတဲ့ မီးငွေ့တွေကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် တွေကလည်း ထွက်ပေါ်လာမျိုးကို တွေ့ရပါတယ်။

 

 

ကောင်းကင်ယံမှာ မီးခိုးငွေ့တွေနဲ့ ပြည့်နှက်နေတဲ့အတွက် လေယာဉ်အစီး ၃၇ စီးဟာ အမြင်မရှင်းတဲ့အတွက် ဆင်းသက်မရသောကြောင့် လှည့်ပြန်ခဲ့ရပြီး ရာချီတဲ့ လေယာဉ်တွေကတော့ ထွက်ခွာချိန်နဲ့ စိုက်ရောက်ချိန် နှောင့်နှေးခဲ့ရကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။ 

 

 

အလားတူ ဒေလီရှိ စာသင်ကျောင်းတွေဟာ မီးခိုးငွေ့တွေကြောင့် အင်္ဂါနေ့အထိ ပိတ်ထားပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း ရပ်ဆိုင်းထားရပါတယ်။

 

 

မနေ့ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သူနာပြုများက အဆုတ်ရောဂါ၊ အသက်ရှုလမ်းကြောင်း ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါရှင်တွေ ဆေးရုံဆေးခန်းတွေမှာ ပိုပြီးများလာကြောင်း ပြောပါတယ်။

 

 

ဒေလီပြည်နယ် ဝန်ကြီးချုပ်က လေထုညစ်ညမ်းမှုဟာ သည်းခံလို့ မရတဲ့ အခြေအနေကို ရောက်နေပြီ၊ အိမ်နီးချင်း ပြည်နယ်တွေကြောင့် ဒေလီဟာ ဓါတ်ငွေ့စက်ရုံကြီး ဖြစ်လာပြီလို့ အဲဒါကို လက်တွေ့ဖြေရှင်းဖို့ လိုနေပြီလို့ ပြောဆိုလိုက်ပါတယ်။

 

 

MDN

ကိုးကား - AFP