ကေကေစိုး
အမေရိကန်နိုင်ငံတစ်ဝန်း အိုမီခရွန်ကူးစက်မှု ပျံ့နှံနေချိန်တွင် နိုင်ငံအတွင်းရှိ ဈေးဝယ် စင်တာများတွင်လည်း စားသောက်ကုန်ပစ္စည်း ထပ်မံခင်းကျင်းနိုင်ခြင်းမရှိဘဲ ဖြစ်နေရသည်။
မီးမောင်းထိုးပြလျက်ရှိ
ဈေးဝယ်စင်တာများ အတွင်းရှိ စင်များတွင် စားသောက်ကုန်များ ပြတ်လပ်နေခြင်းက ကပ်ရောဂါကြောင့် ထောက်ပံ့ရေး ကွင်းဆက်များ ပြတ်တောက်မှု ဖြစ်ပေါ်နေသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ ဈေးဝယ်စင်တာများအတွင်းရှိ ပစ္စည်းထားရာစင်များတွင် ပစ္စည်းများ ပြတ်လပ်နေပြီး အချို့သော စင်များတွင် ဗလာနတ္ထိဖြစ်နေရသည်ဟု ဝါရှင်တန်မြို့ ဈေးဝယ်စင်တာကြီးတွင် ဝယ်နေကျ ဖောက်သည်တစ်ဦးဖြစ်သူ ဂျက်စတင်တွန်းက ပြောသည်။
မကြာခဏ ဖြစ်ပွားနေကျ
အမေရိကန် ပြည်ထောင်စုတွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းမှာ ကိုဗစ် -၁၉ ကပ်ရောဂါကာလ အတွင်း မကြာခဏ ဖြစ်ပွားနေကျဖြစ်ရပ် တစ်ခုဖြစ်သည်။ ကပ်ရောဂါ အစောပိုင်း ကာလနေ့ရက်များကလည်း အိမ်သာသုံးစက္ကူ ပြတ်လပ်မှု ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင်မူ ပစ္စည်းတော်တော်များများ ပြတ်လပ်သည်အထိ ဖြစ်ခဲ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပစ္စည်း တော်တော်များများ ပြတ်လပ်မှုဖြစ်ခဲ့သည်။ သစ်သီးများမှာ ဈေးဝယ်စင်တာကြီးမှအစပြု၍ ကုန်စုံဆိုင်အထိ ဝယ်ယူမရဘဲ ရှိနေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
စားသောက်ကုန်အချို့ ဝယ်ယူမရ
ပျားရည်၊ ကြက်ဥ၊ နို့နှင့် အသားများလည်း အနီးအနားရှိ စတိုးဆိုင်များတွင် ဝယ်ယူမရဖြစ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ ပြီးခဲ့သည့် ကိုဗစ် -၁၉ ကပ် ရောဂါလှိုင်းများနှင့် ကြုံတွေ့ရစဉ်အတွင်း တိုင်းပြည်အစိတ်အပိုင်း တော်တော်များများတွင် ကုန်စုံဆိုင်များ၌ ကုန်ပစ္စည်း ထောက်ပံ့မှုများကို ချိန်ညှိခဲ့ရသည်ဟု စီရာကက်စ်တက္ကသိုလ်မှ ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက် ပါမောက္ခတစ်ဦး ဖြစ်သူ ပက်ထရစ်ပန်ဖီးဒ်က ပြောသည်။ ကိုဗစ်-၁၉ ဗီဇပြောင်းဖြစ်သည့် အိုမီခရွန်မှာမူ ကူးစက်မှု အလွန်လျင်မြန်ပြီး အမေရိကန်တစ်နိုင်ငံလုံးအနှံ့ မြန်မြန်ဆန်ဆန်ပင် ကူးစက်ပျံ့နှံ့ခဲ့သည်။
အခက်ကြုံတွေ့လာရ
ထို့ကြောင့် အမေရိကန်ရှိ စတိုးဆိုင်များနှင့် စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများ ဖျားနာမှုများနှင့် အသွားအလာ စောင့်ကြည့် ကန့်သတ်ခံရမှုများနှင့် ကြုံတွေ့လာရသည်။
ထို့ကြောင့် အစားအစာ ထုတ်လုပ် ဖြန့်ဝေသည့်ကွင်းဆက်တွင် ပြဿနာများရှိလာသည်။ စားသောက်ကုန်များကို ကုန်စုံဆိုင်များသို့ ပေးပို့နိုင်ရေး အခက်ကြုံတွေ့လာရသည်။ ထို့ကြောင့် ကုန်စုံဆိုင်များတွင်ရှိသည့် ပစ္စည်းများနှင့်သာ ဆိုင်ပြည့်အောင် အစားထိုး ပြင်ဆင်လာရသည်။ ထို့ပြင် ဝယ်သူများကိုလည်း တစ်ကြိမ်တည်းဖြင့် အများကြီးမဝယ်ယူအောင် ပစ္စည်းအရေအတွက်ဖြင့်သာ ဝယ်ယူကြရန် ကန့်သတ်မှုများ လုပ်ဆောင်လာရသည်။
ရာသီဥတုဆိုးရွားမှုကြောင့်
တိုင်းပြည်အစိတ်အပိုင်း တော်တော်များများတွင်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်လာရသည်ဟု ပန်ဖီးဒ်က ပြောသည်။ ပုပ်သိုးလွယ်သည့် စားသောက်ကုန်များကို ကုန်စုံဆိုင် တော်တော်များများတွင် ဖြည့်ဆည်းနိုင်ခြင်း မရှိတော့ ဟု ၎င်းက ဆက်ပြောသည်။
မကြာသေးမီက နှင်းများ ထူထပ်စွာ ကျခဲ့ပြီး ဝါရှင်တန်ရှိ အချို့သောဧရိယာများရှိ စတိုးဆိုင်များတွင် အချို့သော ကုန်ပစ္စည်းများ ရောင်းစရာမရှိဘဲဗလာနတ္ထိ ဖြစ်ခဲ့ရသည်။
ရိုက်ခတ်မှုကို ခံစားနေရ
ထို့ပြင် အမေရိကန်၌ အိုမီခရွန်ကူးစက်မှုများ ပျံ့နှံ့လျက်ရှိပြီးကုန်စုံဆိုင်များ နှင့် စတိုးဆိုင်များတွင် စားသောက်ကုန် ပစ္စည်းပြတ်လပ်မှုများမှာ မတ်လကုန် ပိုင်းလောက်အထိ ဖြစ်ပွားနိုင်ခြေရှိသည်ဟု ပန်ဖီးဒ်က သတိပေးပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးအနှံ့ စားသောက်ကုန် လုပ်ငန်းပိုင်ရှင်များ ကြုံတွေ့နေရသည်မှာ လုံလောက်သည့် အလုပ်သမားအင်အားကိုရှာဖွေရန် မလွယ်ကူခြင်းပင် ဖြစ်သည်ဟု လွတ်လပ်စွာ စားသောက်ကုန် ဖြန့်ဖြူးရေးအသင်းဖြစ်သည့် ကုန်စုံ ဆိုင်များအသင်းက ပြောသည်။ ကုန်စုံ ဆိုင်များနှင့် စားသောက်ကုန် လုပ်ငန်းများတွင် အဆိုပါပြဿနာ၏ ရိုက်ခတ်မှုကို ခံစားနေရသည်။ ။
ကြိုးကြားကြိုးကြား ကြုံတွေ့နေဦးမည်
မကြာသေးမီက ကောက်ယူထားသည့် စစ်တမ်းများအရ ကပ်ရောဂါကူးစက်မှု များပြားနေစဉ်အတွင်း လူအင်အား တစ်ဝက်ခန့်ဖြင့်သာ လုပ်ငန်းများကို လည်ပတ်နေရသည်ဟု ဖော်ပြလျက်ရှိသည်။ ကုန်စုံဆိုင်များအသင်း အဖွဲ့ဝင် ၁၅၀၀ ထံမှ ကောက်ယူထားသည့် အချက်အလက်များအရ သိရှိရခြင်းဖြစ်သည်။
ထောက်ပံ့ရေးကွင်းဆက်တွင် စားသောက်ကုန်များ ပေါများနေသော်လည်း ဝယ်ယူသူများမှာ အချို့သော စားသောက် ကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြိုးကြားကြိုးကြား ကြုံတွေ့နေရဦးမည်ဟု သတိ ပေးထားသည်။
လုပ်ငန်းခွင်သို့ လာရောက်နိုင်ခြင်း မရှိတော့
စားသောက်ကုန်လုပ်ငန်းတွင် အလုပ်သမားအင်အား တစ်ဝက်ခန့်ဖြင့်သာ လည်ပတ်နေရသည့်အတွက် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု ကုန်စုံဆိုင်များအသင်းက ပြောသည်။ အလုပ်သမားများ ကိုဗစ်-၁၉ ကူးစက်ခံရသည့်အခါ အချို့မှာ လုပ်ငန်းခွင်သို့လာရောက်နိုင်ခြင်း မရှိတော့ချေ။
ကပ်ရောဂါကြောင့် ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များမှာ တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်ကဲ့သို့ ဖြစ်သွားရသည်ဟု စူပါမားကတ် ဝက်ဘ်ဆိုက်မှ အယ်ဒီတာတစ်ဦးဖြစ်သူ ဖီးလ်လန်းပတ် ကပြောသည်။ ကပ်ရောဂါကာလအတွင်း နေအိမ်မှ အလုပ်လုပ်ကိုင်ခြင်း မဟုတ်ဘဲ လူကိုယ်တိုင် အလုပ်ဆင်းရမည့် လုပ်ငန်းများလည်း ရှိသည်။ ။
၅၀ ရာခိုင်နှုန်းဖြင့်သာ လည်ပတ်နေရ
အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများမှာ မိမိကိုယ်တိုင် လုံခြုံစိတ်ချရမှုရှိရန် လိုအပ် သကဲ့သို့ လုပ်ငန်းခွင်အတွင်း ကျန်းမာစွာ လုပ်ကိုင်နိုင်ရေးမှာလည်း အရေးကြီးသည်ဟု ၎င်းကဆက်ပြောသည်။ ။
မကြာသေးမီကာလအတွင်း ကုန်စုံဆိုင်များအသင်းက ကောက်ယူထားသည့် စစ်တမ်းများအရ အဖွဲ့ဝင် ကုန်စုံဆိုင်ပိုင်ရှင်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များမှာ ၎င်းတို့၏ စတိုးဆိုင်များတွင် ပုံမှန် အလုပ်သမားအင်အား၏ ၅၀ ရာခိုင် နှုန်းဖြင့်သာ လည်ပတ်နေရသည်ဟု သိရသည်။ ။
ကိုးကား -အေအက်ဖ်ပီ


