mdn

သတင်းဆောင်းပါး - မေယု - မျိုးအောင်(MANA)

 

မြို့ပြဖွံ့ဖြိုးမှုနှင့် မီးဘေး

 

နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး မီးလောင်မှုများသည် လည်း အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ဖြစ်ပွားလာသကဲ့သို့ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများကိုလည်း အဆင့်မြှင့်တင် ထုတ်လုပ်လာကြသည်။ နှစ်စဉ် မီးလောင်မှုများကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံး ရမှု လျော့နည်းပြီး တဖြည်းဖြည်း ပပျောက်သွားစေရန် လူတိုင်း မီးကိုဂရုပြု သုံးစွဲသင့်သည်။

 

ရန်ကုန်မြို့တော်တွင်အထပ်မြင့်အဆောက်အအုံများ မပေါများလာသည်နှင့်အမျှ အဆိုပါ အထပ်မြင့်အဆောက် အအုံများတွင် မီးဘေးအန္တရာယ်ကို ကာကွယ်ရန်ပို၍လိုအပ်လာသည်။ အဆောက်အအုံများကို လေဝင်လေထွက် မကောင်းမွန်အောင် စီမံဆောင်ရွက်သင့်သည်။ မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကိုပြည်သူ အများက ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိသော် လည်း ပြည်သူ များအနေဖြင့် လိုက်နာမှု အားနည်းနေကြောင်း တွေ့ရသည်။

 

ရန်သူမျိုးငါးပါးတွင် မီးဘေးအန္တရာယ်ကိုလည်း ထည့်သွင်းသတ်မှတ်ထားကြသည်။ မန္တလေး ရတနာပုံဈေး၌ ယခုနှစ် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီက စတင်လောင် ကျွမ်းခဲ့သော မီးလောင်မှုကို နောက်တစ်ရက် နံနက် ၅ နရီမှ မီးငြိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်စဉ် ကြောင့် အချိန်တိုအတွင်း ငွေကြေးဆုံးရှုံးမှုပမာဏ ကြီးကြီးမားမားရှိခဲ့ကြောင်းကို မည်သူမျှ အငြင်းမပွားနိုင်ပေ။

 

မီးလောင်မှုနှင့် ဆုံးရှုံးမှုများ

 

လူတိုင်း၏ လက်တစ်ကမ်းအကွာတွင် ရှိနေသော မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဟု ဤဖြစ်ရပ်က ညွှန်ပြနေသည်။ မီးသည် သုံးတတ်လျှင် မိတ်ဆွေဖြစ်သော်လည်း မသုံးတတ်ပါက ရန်သူဖြစ်၍ မြန်မာမှုနယ်ပယ်တွင်လူခိုးလျှင် အစုတ်ကျန်း မီးခိုးလျှင် အပြုတ်နှံဟု တင်စားပြောဆိုလေ့ရှိသည်။

 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ထုတ်ပြန်ချက် အရ နိုင်ငံတစ်ဝန်းတွင် ၂၀၉ခုနှစ်ဇန်နဝါရီလမှ ဒီဇင်ဘာ ၁၁ ရက်အထိမီးလောင်ကျွမ်းမှု အကြိမ်ပေါင်း ၂၀၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ၇၈ ဦး သေဆုံးကာ လူ ၆၀၀၀ ကျော် ဒုက္ခရောက်ခဲ့ရကြောင်းနှင့် ကျပ်သန်း ပေါင်း ၂၈၀၀ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်အတွင်းက နိုင်ငံတစ်ဝန်း၌ မီးလောင်ကျွမ်းမှု ၁၇၃၉ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆၇ ဦးသေဆုံးကာ လူ ၁၈၀၀ ကျော် မီးဘေးဒုက္ခရောက်ခဲ့ကြသဖြင့် ၂၀၁၉ ခုနှစ်သည် မီးလောင်မှုနှင့် ဆုံးရှုံးမှုတန်ဖိုး ပိုမိုများပြားခဲ့သည့်နှစ် ဖြစ်သည်။

 

ဈေးကြီးများတွင် မီးလောင်မှုများ

 

မြန်မာနိုင်ငံတွင် လောင်ကျွမ်းခဲ့သော မီးဘေးများ အနက် မြို့ကြီးများရှိ ဈေးကြီးများ၏ မီးလောင်မှုသည် သာမန်မီးလောင်မှုထက် ဆုံးရှုံးမှုကို ပိုများစေသည်။ ၂၀၁၆ ခုနှစ် နှစ်ဆန်းတွင်ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ အဆင့်မြင့် မင်္ဂလာဈေး မီးလောင်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုခန့်မှန်း တန်ဖိုးသည် ကျပ်သိန်းပေါင်း ၃၆၀၆၀၂ အထိ ရှိခဲ့သည်။ ထိုနည်းတူ ၂၀၈ခုနှစ်ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် မန္တလေး ရတနာပုံဈေး မီးလောင်မှုကြောင့် ကျပ် သန်းပေါင်း ၂၀၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရသည်။

 

ထို့ကြောင့် ဖြစ်ပွားခဲ့ပြီးသော မီးလောင်ဆုံးရှုံးမှုများကို နမူနာယူ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးကြီးအသီးသီး အတွက် မီးဘေးအန္တရာယ်လုံခြုံမှုကို မည်သို့မည်ပုံ ကြို တင်ပြင်ဆင်ထားသနည်းဟူသည့် အချက်မှာ စိတ်ဝင် စားဖွယ်ဖြစ်သည်။

 

ဆုံးရှုံးမှုကြီးမားလေ့ရှိ

 

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးပြကြီးများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အထပ်မြင့် လူနေ အဆောက်အအုံများ၊ ဟိုတယ်နှင့်ဈေးကြီးများ၊ လူနေ ရပ်ကွက်အသစ်များ ပိုမိုများပြားလာသည်။ အိုးအိမ် အဆောက်အအုံများကို နီးကပ်စွာ တည်ဆောက်လာခြင်း၊ လျှပ်စစ်ပစ္စည်းများကို အသုံးပြုမှု များပြားလာခြင်း၊ မီးလောင်ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ လောင်စာများကို ရပ်ကွက်များအတွင်း တရားမဝင် သိုလောင် ရောင်းချခြင်း၊ လမ်းများကျဉ်းမြောင်းမှုကြောင့် မီးသတ်ယာဉ်များ ဝင်ထွက်သွားလာရန် ခက်ခဲခြင်း၊ လမ်းကြားရှိ မီးတားကွက်များပေါ်တွင်ပါ လူနေအဆောက်အအုံများ ဆောက်လုပ်လာခြင်းနှင့်မီးငြိမ်းသတ်ရန် ရေရရှိမှု အစီအမံ များ အားနည်းနေခြင်းတို့ကြောင့် မီးလောင်မှုကို ပိုမိုဖြစ်ပွားစေပြီး ဖြစ်ပွားပါကလည်း ဆုံးရှုံးမှုကြီးမားလေ့ရှိ သည်။

 

လျှပ်စစ်ကြောင့် လောင်သောမီး

 

မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ယှဉ်လျှင် မီးလောင် မှုအကြိမ်ရေ နည်းသော်လည်း ဆုံးရှုံးမှု ကြီးမားနေဆဲဖြစ် သည်။ အိမ်တိုင်းလိုလိုတွင် လျှပ်စစ်ဓာတ်အားအသုံးပြု သည့် အီလက်ထရွန်နစ်ပစ္စည်းများကို အသုံးပြုလာလျက် ရှိရာ အထူးသဖြင့် ပွင့်လင်းရာသီကဲ့သို့ ပူအိုက်သောရာသီ ဥတုတွင် လျှပ်စစ်ပစ္စည်းများကို ပိုမိုအသုံးပြုလေ့ ရှိကြသည်ကို တွေ့ရသည်။

 

အချို့သောလျှပ်စစ်ပစ္စည်းများအနေဖြင့် စံချိန်စံညွှန်း မပြည့်မီခြင်းနှင့် ဝိုင်ယာကြိုးများ ဟောင်းနွမ်းဆွေးမြည့် နေခြင်း စသောအခြေအနေများက လျှပ်စစ်ဝိုင်ယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားအောင် ဖန်တီးပေးလျက်ရှိ သည်ကို သတိပြုရန် လိုအပ်လျက်ရှိသည်။

 

ယင်းအပြင် လျှပ်စစ်ဓာတ်အား မလုံလောက်မှု များကြောင့် မကြာခဏဆိုသကဲ့သို့ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဝန်အားမမျှတခြင်းနှင့် လျှပ်စစ်မီးသုံးစွဲစဉ် မီးပြတ်ရာမှ လျှပ်စစ်မီးခလုတ်များကို ပြန်ပိတ်ရန် မေ့လျော့ခြင်း စသောအခြေ အနေများကြောင့်လည်း မီး လောင်မှုများ ဖြစ်ပွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 

ပေါ့ဆမီး

 

လူခိုးလျှင် အစုတ်ကျန်သည်။ မီးခိုးလျှင် အပြုတ်နှံ သည် ဟူသည့် ဆောင်ပုဒ်အတိုင်းပွင့်လင်းရာသီကာလတွင် မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့်မိမိ၏ပေါ့ဆမှုကြောင့် မိမိနေအိမ်နှင့် မိသားစုဝင်များသာမက အခြားသော နေအိမ်များနှင့် မိသားစုဝင်များပါ မီးလောင်မှုကြောင့် အတိဒုက္ခ မရောက်စေရေးအတွက် မီးကိုသတိပြုသုံးစွဲရန် နှင့် အိမ်တိုင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံ များ ထားရှိရန်လည်း လိုအပ်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့်လောင်ကျွမ်းသော မီးလောင်မှုများက အများဆုံးဖြစ်ကြောင်းသက်ဆိုင်ရာဌာန၏ သုံးသပ်ချက် များအရ သိရသည်။ မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့်မီးသုံးစွဲလျှင်အမြဲသတိရှိပြီး လူစောင့်ထား ခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများ ကို မြေကျင်းတူး၍ စနစ်တကျအသုံးပြုခြင်း၊ မီးဖိုကို စနစ် တကျ ကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များကို ထရံနှင့် ခြင်ထောင်အနီး၌ မထွန်းခြင်း၊ ကောက်ရိတ် သိမ်းချိန်တွင် လယ်ကွင်း၌ မီးသုံးမပြုခြင်း စသည့် အချက်များကို ပြည်သူများက လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။

 

မီးလောင်မှုဖြစ်ပွားလျှင်

 

မီးလောင်မှုဖြစ်ပွားလျှင်လည်း ထွက်မပြေးရန် ကြိတ် ၍ မငြိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန် မီးစတင်လောင်ကျွမ်းချိန်တွင် ငြိမ်းသတ်နိုင်လျှင် မီး လောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက် အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးများဆောင်ထားခြင်းဖြင့် အလျင်အမြန် မီးငြိမ်းသတ်နိုင်ကြောင်း စသည်တို့ကိုလည်း မီးသတ်ဦးစီး ဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်အဖြစ် ထုတ်ပြန်ထားသည်။

 

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အများအားဖြင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ မီးကိုပေါ့ဆစွာအသုံးပြုခြင်း၊ မီးဖိုမီး နှင့် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ခြင်းတို့ကြောင့် အများဆုံးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ စက်တင် ဘာ ၂၃ ရက်အထိ တစ်နိုင်ငံလုံးတွင် မီးလောင်မှုအကြိမ် ပေါင်း ၁၆၆၁ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မီးဖိုမီးကြောင့် ဖြစ်ပွားသည့် မီးလောင်မှုက ၂၈၇ကြိမ်၊ ပေါ့ဆမှုကြောင့် ဖြစ်ပွားသည့် မီးလောင်မှုက ၅၅၅ ကြိမ်နှင့် လျှပ်စစ်မီးကြောင့်ဖြစ်ပွားသည့် မီးလောင်မှုက ၄၆၇ ကြိမ်ရှိပြီး အဆိုပါ မီးလောင်မှုများကြောင့် လူ ၆၃ ဦးသေဆုံး၍ ၁၇၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူဦးရေ ၄၂၂၀ အိုးမဲ့ အိမ်မဲ့ဖြစ်ကာ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၂၂၃၉၄၄၂၀ ဒသမ ၅၅ သန်း ရှိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ မီးလောင်မှုကြောင့် ဆုံးရှုံးမှုများ လျော့နည်း စေရေးအတွက် နိုင်ငံသားများ အကာအကွယ် ပိုမိုရရှိစေ မည့် မီးဘေးလုံခြုံသည့် စနစ်တစ်ရပ် ဖြစ်ပေါ်လာရေး၊ အများပြည်သူတို့အနေဖြင့် မီးဘေးအန္တရာယ် ကာကွယ် ရေးဆိုင်ရာညွှန်ကြားချက်များကို လိုက်နာမှုအားကောင်း စေရန် ပညာပေးရေး၊ မီးငြိမ်းသတ်ရာတွင် ခေတ်မီနည်း ပညာနှင့် ခေတ်မီမီးငြိမ်းသတ်ရေးကိရိယာများ ပိုမိုဖြည့် တင်းရေးတို့ကို တာဝန်ရှိသူများအနေဖြင့် အဆောတလျင် အကောင်အထည်ဖော်သင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။