ရန်ကုန် ၉ မတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီဝါးတရာ ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ အလုံပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမည့် အခြေအနေအပေါ် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဓာတ်အားခွဲရုံမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ယနေ့အချိန်တွင် (၃၅၈၆)မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အား သုံးစွဲမှုမှာ (၁၅၄၈ ဒသမ ၂၃)မဂ္ဂါဝပ်ခန့်ရှိ၍ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးသုံးစွဲလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကကျပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ်(၁၅%) တိုးတက်နေသည့်အတွက် အဆိုပါဓာတ်အားတိုးတက်သုံးစွဲမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်းအပြင် ဓာတ်အားဖြန့်ဖြူးခြင်းအပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲမှု တိုးမြင့်လာသည်နှင့်အမျှ နွေရာသီဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ သက်တမ်းကြာမြင့်နေပြီဖြစ်သော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပင်မဓာတ်အားခွဲရုံမှူးများက မိမိတို့ ဓာတ်အားခွဲရုံအလိုက် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာတပ်ဆင်အင်အားနှင့် ဓာတ်အားသုံးစွဲမှုအခြေအနေ၊ ဝန်အားတိုးတက်လာမှုအတွက် ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် လိုအပ်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးမှ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ လှော်ကား၊ အလုံ၊ ရွာမ၊ သာကေတစက်ရုံများရှိ ပင်မထရန်စဖော်မာများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာက ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ ဓာတ်အားသုံးစွဲမှုနှင့် တိုးတက်သုံးစွဲလာမည့် အခြေအနေ၊ System Improvement အဖြစ် ဆောင်ရွက်မည့် အခြေအနေနှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ဆောင်ရွက်မည့် အခြေအနေတို့အားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


