မြိတ် ၂၂ ဖေဖော်ဝါရီ
အခြေခံပညာအဆင့် စာမေးပွဲကြီးများ မကြာမီ ကျင်းပပြီးစီးတော့မည်ဖြစ်ရာ နွေရာသီ အားလပ်ရက်များကို ကလေးငယ်များ တန်ဖိုးရှိရှိ ကုန်လွန်စေရေး၊ ကျောင်းသားလူငယ်များအား ပရဟိတ စိတ်ဓာတ် မွေးမြူပေးနိုင်ရေးနှင့် အများအကျိုးရွက်သယ်ပိုးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် နွေရာသီစခန်းသွင်း ကြက်ခြေနီသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။
“ယခုတစ်ကြိမ်ဆိုရင် ၅၂ ကြိမ်ရှိပါပြီ၊ မတ်လ ၁၇ ရက်ကနေစပြီး အထက(၁)မြိတ်မှာ ဆယ်ရက် သင်တန်းဖွင့်လှစ် သွားပါ့မယ်၊ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်တက်ရောက်နိုင်ပါတယ်” ဟု မြိတ်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဆရာကြီးဦးလှမြင့်က ပြောသည်။
လက်ရှိတွင် ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှုများအခြေအနေများကြောင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများသည် အချိန်မရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်သကဲ့သို့ ကြက်ခြေနီအသင်းများ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလျှက်ရှိရာ ကျောင်းသားကျောင်းသူများ အနေဖြင့် ရှေးဦးပြုစုခြင်းနှင့် ကြက်ခြေနီ ပညာရပ်များကို ပိုမိုသိရှိနားလည်ရန်လိုအပ်လျှက်ရှိသည်။
မြိတ်မြို့တွင် နှစ်စဉ် နွေရာသီ အားလပ်ရက်များအတွင်း ကျောင်းသား လူငယ်များအား အခြေခံနှင့် အဆင့်မြင့် ကြက်ခြေနီ သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပေးလျှက်ရှိကာ ကျောင်းအလိုက် ကြက်ခြေနီအသင်းများ၏ စွမ်းရည်ပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပ လျက်ရှိကြောင်းနှင့် အဆိုပါသင်တန်းသို့ တက်ရောက်လိုပါက မြိတ်မြို့နယ်ကြက်ခြေနီအသင်းနှင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)


