စတော့ဟုမ်း ၆ အောက်တိုဘာ
အမေရိကန်နှင့် မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းရေးမှူးချုပ်များသည် ဆွီဒင်နိုင်ငံ၌ နှစ်နိုင်ငံ ဆွေးနွေးမှုများ စတင်လိုက်ပြီဖြစ်ပြီး ယင်းအစည်းအဝေးမှာ ခုနစ်လအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
ဆွေးနွေးမှုများ စတင်
မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖန်ဘီဂွန်နှင့် မြောက်ကိုရီးယား နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူး ကင်မြောင်ဂီလ်တို့သည် ယနေ့နံနက် ပိုင်းက ဆွေးနွေးမှုများ စတင်ခဲ့သည်။ နျူကလီးယား အဆောက်အအုံများစွာ ဖျက်သိမ်းရန် အမေရိကန်နိုင်ငံက တောင်းဆိုခဲ့သည့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် သမ္မတဒ ေါ်နယ်ထရန့်နှင့် ခေါင်းဆောင် ကင်ဂျုံအန်တို့ကြား ထိပ်သီးဆွေးနွေးမှု နောက်ပိုင်း စေ့စပ်ညှိနှိုင်းမှုများ ရပ်တန့်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲ၌ မြောက်ကိုရီးယားနိုင်ငံကလည်း အမေရိကန်၏ အရေးယူမှုများဖြေလျှော့ရန် တောင်းဆိုခဲ့သည်။ နှစ်နိုင်ငံ စလုံးက သီတင်းပတ်အနည်းငယ်အတွင်း ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဇွန်လအတွင်းပြုလုပ်သည့် တတိယ အကြိမ် ထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူခဲ့သည်။
သို့သော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ကာ မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည်များ ကြိမ်ဖန်များစွာ စမ်းသပ် ပစ်လွှတ်ပြီးနောက် ဆွေးနွေးမှုများ ပြန်လည်စတင်မည့် အစီအစဉ် ကြန့်ကြာခဲ့ရသည်။ မြောက်ကိုရီးယားနိုင်ငံက ပထမအဆင့်အနေဖြင့် နျူကလီးယား ဖျက်သိမ်းရေးကိစ္စရပ်များ လုပ်ဆောင်ရန် အမေရိကန်နိုင်ငံက တောင်းဆိုခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံက ယင်း၏ နိုင်ငံရေးစနစ်ကို ကာကွယ်ပေးမည့် အာမခံချက်များနှင့် နျူကလီးယားဖျက်သိမ်းရေး အလဲအထပ်အဖြစ် အရေးယူမှုများ ဖြေလျှော့ပေးရန် အလိုရှိနေသည်။
မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာ ၂ ရက်တွင် ရေငုပ်သင်္ဘောတစ်စင်းမှ ဒုံးကျည်တစ်စင်း ပစ်လွှတ် စမ်းသပ်ခဲ့သော်လည်း ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန် - ကျော်ထိုက်စိုး


