ဝါရှင်တန် ဩဂုတ် ၁၆

 

အမေရိကန်-ရုရှား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို ယနေ့တွင် အမေရိကန်ပြည်ထောင်စု အလက်စကာ ပြည်နယ် Anchorage မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုသည် ၂၀၂၂ ခုနှစ် နောက်ပိုင်း ပထမဆုံး လူချင်းတွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

 

ဒေါ်နယ်ထရမ့်က ၎င်းတို့၏ ဆွေးနွေးမှုများသည် လွန်စွာအကျိုးဖြစ်ထွန်းစေကြောင်း ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အထူး ကိုယ်စားလှယ် စတီးဗ်ဝတ်စ်ကော့ဖ်တို့ တက်ရောက်ခဲ့ကြသည်။ အလားတူ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလက်ဗရော့ဗ်နှင့် သမ္မတလက်ထောက် ယူရီရှာကော့ဗ်တို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲသည် နှစ်နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ဒေါ်နယ်ထရမ့်က သမ္မတပူတင်နှင့် သဘောတူညီခဲ့သည့် သီးခြားအချက်များကို အသေးစိတ် ဖော်ပြခြင်း မရှိသော်လည်း မကြာမီအချိန်တွင် ဆွေးနွေးပွဲထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

 

သမ္မတပူတင်က မကြာမီကျင်းပမည့်ဆွေးနွေးပွဲကို မော်စကိုမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့သည် မကြာမီ အစည်းအဝေးတစ်ခု ကျင်းပနိုင်ဖွယ်ရှိပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တစ်ခုရရှိရန်မှာ သမ္မတ ဇီလန်စကီးအပေါ်တွင် မူတည်ကြောင်း သမ္မတ ထရမ့်က ဖောက်စ်နယူး သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

 

သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၁၈ ရက်တွင် ဇီလန်စကီးနှင့် ဝါရှင်တန်၌ တွေ့ဆုံမည်ဖြစ်ကြောင်း နှင့် အမေရိကန်၊ ရုရှားနှင့် ယူကရိန်း သုံးပွင့်ဆိုင် အစည်းအဝေးကို ကြိုဆိုပါကြောင်း ၎င်း၏ ဆိုရှယ် မီဒီယာတွင် ရေးသားခဲ့သည်။

 

အမေရိကန်အနေဖြင့် ရန်လိုမှုများနှင့် အကျပ်အတည်းကို ရပ်တန့်ရန်နှင့် ပဋိပက္ခတွင် ပါဝင်နေသည့် ပါတီအားလုံး၏ အကျိုးစီးပွားအတွက် စိတ်အားထက်သန်စွာဖြင့် ကြိုးပမ်းလျက်ရှိကြောင်း သမ္မတ ပူတင်က ထိပ်သီးအစည်းအဝေး မတိုင်မီ မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးပမ်းမှုများသည် ကမ္ဘာ့ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးခြင်းဖြစ်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်