ဝါရှင်တန် ၂၂ အောက်တိုဘာ
အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ၀ နီးပါးခန့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ ဆုတ်ခွာလာပြီး အီရတ်နိုင်ငံ အနောက်ပိုင်းတွင် ပြောင်းလဲချထားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက် ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်ထားသည့် ကြေညာချက်အရ သိရသည်။
အမေရိကန်တပ်များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ လျင်လျင်မြန်မြန် ဆုတ်ခွာလာကြသည်ဟုလည်း အက်စပါက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆုတ်ခွာလာသည့် အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ၀ ခန့်သည် အီရတ်အနောက်ပိုင်းတွင် ပြောင်းလဲနေရာချထားမည်ဖြစ်ပြီး စစ်ဘေးဒဏ်ခံစားခဲ့ရသည့် တိုင်းပြည်တွင် ကာကွယ်ရေးလုပ်ငန်းများ၌ ကူညီမှုများ ပေးသွားမည်ဖြစ်ကာ အိုက်အက်စ်များကို တန်ပြန်တိုက်စစ်ဆင်သွားမည်ဟု ပင်တဂွန်ဌာနချုပ်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်အတွင်း တူရကီတို့က ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းနေရာအချို့တွင် ကာ့ဒ်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားကာ စစ်ဆင်ရေးများ ဆင်နွှဲနေသည့်ကြားမှ အမေရိကန် တပ်ဖွဲ့ဝင် ၁၀ဝ၀ ဝန်းကျင်သည် ဆုတ်ခွာမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်တပ်ဖွဲ့ဝင်များ ဆီးရီးယားမှ ဆုတ်ခွာခဲ့သော်လည်း အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဟု အမေရိကန်သမ္မတထရမ့်က လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့ဝင်အနည်းငယ်သည် ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး အိုက်အက်စ်အကြွင်းအကျန်များကို တန်ပြန်တိုက်စစ်ဆင်သွားမည်ဖြစ်သည်။ အမေရိကန်နှင့် တူရကီတို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ငါးရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူခဲ့ကြသည်။
ဆင်ဟွာ


