နေပြည်တော်  ၁၄  မတ် 


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့(ILO)နှင့် UN Women တို့ပူးပေါင်း၍ အာဆီယံဒေသတွင်းရှိ အမျိုးသမီးရွှေ့ ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများရရှိရန် အမျိုးသား စီမံကိန်းအကြံပေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုစီမံကိန်းကို မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ၁၀ နိုင်ငံတွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လုပ်သားရွှေ့ပြောင်းသွားလာမှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး စီမံအုပ်ချုပ်မှု မူဘောင်များ ပိုမိုတိုးတက်လာရန်၊ အမျိုးသမီး ရွှေ့ပြောင်းအလုပ် သမားများအတွက် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက်ရရှိရန်၊ အမျိုးသမီးများအတွက် ကွန်ယက်ချိတ်ဆက်စုစည်းမှု အခွင့်အရေး ပိုမိုတိုးတက်လာရန်၊ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများ၏ အတွေ့အကြုံဆိုင်ရာ  သတင်းအချက်အလက်များနှင့် အထောက်အထားများကို ဖြန့်ဝေရန်၊ အမျိုးသမီးရွှေ့ပြောင်းသွားလာသူများ၏ လူ့အသိုက်အဝန်းအား အထောက်အပံ့ပြုမှုများကို ပိုမိုနားလည်ရေး စည်းရုံးလှုံ့ဆော်ရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UN Women အနေဖြင့် အလုပ်သမားရေးရာများ အထူးသဖြင့် ကျား/မ ရေးရာရှုထောင့်မှ အကြံဉာဏ်များ ဆက်လက်ပံ့ပိုးပေးရေး၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအတွက် မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်တွင် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရေး ဆက်လက် ကူညီပေးစေလိုကြောင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေပြီး အပြည်ပြည်ဆိုင်ရာ စံနှုန်း များ နှင့်ကိုက်ညီသည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး လက်ရှိဥပဒေကို ပြင်ဆင်ရေးဆွဲနေသဖြင့် ILO အနေဖြင့် လိုအပ်သည့် နည်းပညာအကူအညီ ဆက်လက် ပံ့ပိုးပေးရန်လိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာအမျိုးသမီး များ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာတွင် စိတ်ချလုံခြုံရသည့် လုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖြစ်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်း ခြင်းနှင့် အပြည့်အဝကာကွယ်ပေးနိုင်ရန်အတွက် လိုအပ်ချက်ရှိသောကြောင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့် မြန်မာအမျိုးသမီးများအား အပြည့် အဝ အကာအကွယ်ပေးနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ ယနေ့အစည်း အဝေးတွင် “Safe & Fair” စီမံကိန်းအကောင်အထည်ဖော်ရာတွင် လိုအပ်သည့်များကို အကြံပြုဆွေးနွေးနိုင်ရေးကို ရည်ရွယ်ချက်တစ်ခုအနေဖြင့် ထည့်သွင်းကျင်းပခြင်းဖြစ်သည့် အတွက် တက်ရောက်လာသူများအနေဖြင့် ရွှေ့ပြောင်းအမျိုးသမီးများ၏ အခွင့်အရေးနှင့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးရန်လိုကြောင်း ပြော ကြားသည်။


ထို့နောက် UN Resident and Humanitarian Coordinator မှ Mr.Knut Ostby နှင့် EU Head of Cooperation မှ Dr Johann Hesse တို့က အမှာစကားပြောကြားကြ သည်။


အမျိုးသားစီမံကိန်းအကြံပေး အစည်းအဝေးကို လူကုန်ကူးခံရနိုင်သည့် အန္တရာယ် များနှင့် အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံပြီး မျှတမှုရှိသည့် ရွှေ့ပြောင်းသွားလာမှု နှင့်စပ်လျဉ်းပြီး ဆွေးနွေးရန်၊ နိုင်ငံတော်၏ ပြောင်းလဲလာမှုနှင့်အညီ ဦးစားပေးကဏ္ဍများ အပေါ် မဟာဗျူဟာမြောက် လမ်းညွှန်အကြံပြုချက်များ ပံ့ပိုးပေးရန်၊ တိုးတက်မှုကို စောင့် ကြည့်လေ့လာရန်၊ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်အပေါ် ဆွေးနွေးသုံးသပ်ပြီး အကြံပြုချက်များနှင့် အကဲဖြတ်စိစစ်နိုင်ရေး သဘောထားများ ပံ့ပိုးပေးရန်၊ သုတေသနကို ပြန် လည်သုံးသပ်ရန်နှင့် စာအုပ်ထုတ်ဝေနိုင်ရေး ပြန်လည်သုံးသပ်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ 


(သတင်းစဉ်)

 

1