နေပြည်တော် ၁၈ မတ်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကရင်နီအမျိုးသား တိုးတက်ရေး ပါတီအနေဖြင့် အစိုးရနှင့် ၂၀၁၂ ခုနှစ်ကတည်းက ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်သဘော တူညီချက်များရေးထိုးခဲ့ပြီး ဒေသတွင်းနှစ်ဖက်ပစ် ခတ်တိုက်ခိုက်မှုများ မရှိသလောက် အခြေအနေကောင်းများကို ထိန်းသိမ်းထားနိုင်သည့် အဖွဲ့အစည်း တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ UNFC ၏ နိုင်ငံရေးဆွေးနွေးရေး အဖွဲ့ဖြစ်သည့် DPN တွင် KNPPမှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရန်အတွက် UNFC ၏ အဆိုပြုချက် ၉ ချက်ကိုလည်း နှစ်ဖက်အကျေ အလည် ဆွေးနွေးခဲ့ကြပါကြောင်း၊ အဆိုပါ အဆိုပြုချက်အားလုံး နီးပါး သဘောတူညီ နိုင်သည့် အခြေအနေကောင်းများ ရှိခဲ့သော်လည်း တချို့ကိစ္စရပ်များဆက်လက် ညှိနှိုင်းရန် ကျန်ရှိနေသည့်အတွက် KNPP အနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲပင်ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPPသည် ၂၀၁၈ခုနှစ် ဧပြီ ၂၇ ရက်တွင် ကယား ပြည်နယ်၊ လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ NCA တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း ခဲ့ကြပြီး NCA မရေးထိုးမီ ရေတိုကာလ အတွင်းတွင် နှစ်ဖက်တပ်ဖွဲ့များ သွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်တွင် ပုံမှန်ညှိနှိုင်း ဆွေးနွေးရေးကိစ္စများ၊ နှစ်ဖက်ညှိနှိုင်း သဘောတူသည့် ဆက်ဆံရေး လမ်းကြောင်းကိစ္စ များ၊ တိုးတက်မှုရရှိခဲ့သည့် တပ်ပိုင်းဆိုင်ရာ ကိစ္စအချို့ကို နှစ်ဖက်သဘောတူညီမှုများ ရရှိခဲ့ကြပါကြောင်း။
ဆက်လက်၍လည်း ယခုနှစ် မတ် ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလုပ်သဘော တွေ့ ဆုံခဲ့ရာတွင်လည်း နှစ်ဖက်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြ ပြီး အကျိုးဆက်အနေဖြင့် ယနေ့ဆွေးနွေးပွဲကို မိမိတို့ ဆောင် ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးရန်နှင့် အစိုးရဘက်က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက လည်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ခူဦးရယ် က KNPPနှင့် အစိုးရကြား နှစ်ပေါင်း (၇၀)ကျော် ဖြစ်ပွားခဲ့သည့် ပြဿနာများကို ဖြေရှင်းရန် တွေ့ဆုံညှိနှိုင်း ဆွေးနွေးလာကြ သည်မှာ ၂၀၁၂ မတ်လ မှ စ၍ ၂၀၁၉ မတ်လထိတိုင် (၇)နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ (၇)နှစ် ခန့် တွေ့ဆုံညှိနှိုင်း ကြသည့်အခြေအနေတွင် တိုးတက်မှုများရှိသကဲ့သို့ အဆင်မပြေမှု များ လည်း ရှိနေဆဲဖြစ်ပြီး တစ်ချို့ကိစ္စရပ်များတွင် ဆက်လက်ညှိနှိုင်းနေရဆဲ အခြေအနေ တွင်ရှိပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံညှိနှိုင်းကြခြင်းသည် ပြဿနာကို အဖြေရှာခြင်း ဖြစ်ပါကြောင်း၊ ပြဿနာကို နှစ်ဦးနှစ်ဖက် အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ နှစ်ဦး နှစ်ဖက်အသိအမှတ်ပြုထားသည့် ပြဿနာများအပေါ်တွင် နှစ်ဦးနှစ်ဖက်က လက်ခံ သဘောတူနိုင်သည့် အဖြေရှာမှုမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြဿနာ များအပေါ်တွင် နားလည်မှု၊ သဘောပေါက်မှု တူညီသွားမှသာ မိမိတို့နှစ်ဖက် သဘော တူလက်ခံသည့် အဖြေရှာမှုကိုလည်း ရရှိမည်ဖြစ်ပါကြောင်း။
ထို့ပြင် (၇)နှစ်ခန့် ဆွေးနွေးအဖြေရှာကြသည့် ကာလတစ်လျှောက်လုံးတွင် အပြန်အလှန် အသိအမှတ်ပြုမှုများသည် ယနေ့အထိ ခိုင်မြဲနေဆဲဟု မှတ်ယူပါကြောင်း၊ သို့သော် အပြန်အလှန်ယုံကြည်မှုနှင့် ပတ်သက်၍ တက်လိုက် ကျလိုက် အခြေအနေ မျိုးလည်း ကြုံရသည့် အခြေအနေရှိသည်ဟု ရိုးသားစွာ သုံးသပ်ပါကြောင်း၊ သို့သော် မိမိတို့ကြား တွင်ယုံကြည်မှုကင်းမဲ့နေသည်ဟုဆိုသည့် သဘောကို ဆိုလိုခြင်း မဟုတ်ပါ ကြောင်း၊ တွေ့ဆုံဆွေးနွေးသည့်နေရာတွင် အခြေအနေအမျိုးမျိုးကြောင့် မိမိတို့ကိုယ် စားလှယ်များသည် အလွတ်သဘောနှင့် တရားဝင်ပါ နှစ်မျိုးနှစ်စားခွဲ၍ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်ခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတိုင်း တွင် ပြဿနာ ရပ်များကို အမြဲတမ်း အဖြေရှာခြင်းမျိုး၊ တင်ပြခြင်းမျိုး မဟုတ်ဘဲ တိုင်းပြည်အတွက် အကောင်းဆုံး အဖြေရှိသည့် နည်းလမ်းများကို နှစ်ဦးနှစ်ဖက်မည်မျှနားလည် သဘော ပေါက်ထားသ နည်းဆိုသည့်အပေါ်တွင် မူတည်၍ ညှိနှိုင်းအဖြေရှာကြခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် ယနေ့တွင် KNPP အနေဖြင့် bilateral အဆင့်၌ သဘောတူခဲ့ သည့် အချို့သော အကြောင်းအရာများနှင့် မြေပြင်တွင် အဆင်မပြေမှုများကို တင်ပြ ညှိနှိုင်း ဆွေးနွေး၍ အပြန်အလှန်နားလည်မှုတည်ဆောက်ရေးနှင့် နောက်အဆင့်များတွင်မည် သို့ ဖြေလျော့၍ အဖြေရှာကြမည့် ကိစ္စရပ်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲမှု နှင့် ပတ်သက်သည့် သဘောတူညီချက်ကိစ္စရပ်များကို မည်သို့ ဆက်သွားမည်ဆိုသည် ကို ဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် အထူး သဖြင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ချန်လှပ်၍ နောက်ရက်တွင် တပ်မတော် ကိုယ်စား လှယ်များနှင့် တွေ့ဆုံသည့်အခါတွင် ဆွေးနွေးရန် ပြင်ဆင်ထားပါကြောင်း၊ ထို့ပြင် ပြည်နယ်အတွင်း ဆောင်ရွက်နေဆဲ တစ်ချို့လုပ်ငန်းများ နှင့်ပတ်သက်သည့်ကိစ္စရပ် များကိုလည်း ကိုယ်စားလှယ်များက တင်ပြဆွေးနွေးသွား မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကောင်းဆုံးကို မျှော်လင့်၍ ဒီတစ်ကြိမ်တွင် တိုးတက်မှု တစ်စုံတစ်ရာ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပြည်နယ်အဆင့် လစဉ် ညှိနှိုင်းအစည်းအဝေး ကျင်းပသည့်ကိစ္စရပ်များ၊ NCA လက်မှတ်ရေးထိုးရေးကိစ္စများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဖွဲ့ခေါင်း ဆောင် ခူဦးရယ် က ယနေ့တွေ့ဆုံပွဲသည် အပြုသဘော ဆောင်သည်ဟု မှတ်ယူ၍ ရပါကြောင်း၊ (၇)နှစ်တာ တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်မှုများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေး အဖြေရှာရန် နှစ်ဖက် စလုံးက အားသန်နေကြသည်ကို တွေ့ရသည့် အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မကြာ သောအချိန်တွင် နှစ်ဖက်သဘောတူညီချက် များကိုလည်း ဒီထက်ပိုမို ကောင်းမွန်သည့် အာမခံချက်ရှိသည့်ဘက်ကို ရောက်အောင် အဖြေရှာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ယနေ့ဆွေးနွေးမှုများအပေါ်တွင် ရလာသည့် နှစ်ဖက်ရလဒ်များသည် ကျေနပ်အားရ သည်ဟု မိမိတို့ဘက်က ခံစားမိပါကြောင်း၊ ထို့ကြောင့် နောက်တစ်ကြိမ် ပြုလုပ် မည့် တွေ့ဆုံဆွေးနွေးမှုတွင် ဒီထက်ပိုမိုကောင်းမွန်ခိုင်မာသည့် ရလဒ်တစ်ခုကို ရနိုင်လိမ့် မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင် စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ယနေ့တွင် NRPC နှင့် ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ(KNPP) တို့ အချိန်များစွာယူ၍ ကျေကျေလည်လည် ဆွေးနွေးနိုင်ခဲ့ကြ ပါကြောင်း၊ ယနေ့တွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ ရပ်များ၊ လေ့ကျင့် မွေးထုတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းနိုင်ခဲ့ပြီး မကြာမီတွင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်နယ်အစိုးရနှင့်လည်း လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်သွားမည့် ကိစ္စရပ်များကိုလည်း ဆက်လက်အကောင် အထည်ဖော် သွားနိုင်မည် ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးခရီးစဉ်တွင် ပိုမိုတိုးတက် လာသည့် ရလဒ်အဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
နောင်ဆွေးနွေးပွဲကိုလည်း ဧပြီလ မကုန်ခင်တွင် နှစ်ဖက်သဘောတူ၍ ထပ်မံ ဆွေးနွေးရန် သဘောတူထားပြီး ယခုဆွေးနွေးပွဲတွင်လည်း NCA လက်မှတ်ရေးထိုး နိုင်ရန် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ လာမည့် မတ်၂၁ ရက်တွင်လည်း လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်တွင်လည်း KNPP လည်းထပ်မံပါဝင်ပြီး ဆွေးနွေးကြမည် ဖြစ်သည့်အတွက် လက်မှတ်မထိုးရသေး သည့် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ဝိုင်းဝန်းကြိုးစားဆောင်ရွက် ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးကော်မတီအထောက်အကူပြုအဖွဲ့ဝင် ဦးကျော်လင်းဦးနှင့် KNPP ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ် ပလိုး တို့က မီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊အဖွဲ့ဝင် ဦးအောင် စိုး နှင့် ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် တို့ တက်ရောက်ကြပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ခေါင်း ဆောင် ခူဦးရယ်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စောဘီထူး၊ ဦးဘုန်းနိုင်၊ ခူထဲဘူး၊ ခူဒယ်နီယာယ်၊ မန်းစောနှင့် ခူတော်ရယ် (အက်စ်) တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)


