ဂျကာတာ သြဂုတ် ၅
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကမ်းဝေးတစ်နေရာတွင် သြဂုတ် ၅ ရက်က အမြန်ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့သောကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးလျက်ရှိသည်ဟု ဘာလီကျွန်း ရှာဖွေကယ်ဆယ်ရေးရုံးမှ အကြီးအကဲတစ်ဦးဖြစ်သူ အိုင်ညိုမန်ဆီ ဒါကာယာက ပြောသည်။
အမြန်ရေယာဉ်နစ်မြုပ်မှုတွင် လူနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးလျက်ရှိကာ ၇၇ ဦး အသက်ရှင်လွတ်မြောက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
အမြန်ရေယာဉ်လင်းပိုင်-၂ ဟုအမည်ပေးထားသော အဆိုပါ ရေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်တွင် ဘာလီပြည်နယ် ဆနားဒေသရှိ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခါနီးကမ်းဝေး တစ်နေရာတွင် ကြီးမားသောလှိုင်းလုံးများ ရိုက်ခတ်မှုကြောင့် တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမြန်ရေယာဉ်သည် ဘာလီပြည်နယ် ပီနီဒါဆိပ်ကမ်းမှ အစောပိုင်းထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ ဘာလီကျွန်း ရှာဖွေကယ်ဆယ်ရေးရုံးမှ ပျောက်ဆုံးသူများကိုရှာဖွေရန် အမှုထမ်းများနှင့် စက်လှေများကို စေလွှတ်ထားသည်။
ဆင်ဟွာ


