ဂျကာတာ   ဩဂုတ်   ၁၇

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝီဆီ ပြည်နယ်တွင် ယနေ့နံနက်ပိုင်းက မဂ္ဂနီကျု ၆ ဒသမ သုည အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၈ မိနစ်တွင် ပိုဆိုအုပ်ချုပ်ရေးဒေသ၏ အနောက်မြောက်ဘက် ၁၈ ကီလိုမီတာအကွာ ကုန်းတွင်းပိုင်းသို့ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိ ရူပဗေဒအေဂျင်စီက ပြောကြားသည်။

မာဆာနီ၊ တိုကိုရန်ဒို၊ တိုဝူ၊ ပီနီဒါပါ၊ တန့်ကူရာနှင့် လာပီကျေးရွာများအပါအဝင် ပိုဆိုအုပ်ချုပ်ရေး ဒေသရှိပြည်သူများက  ငလျင်လှုပ်ခတ်မှုကို ၁၅ စက္ကန့်ကြာ ခံစားရပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။

ပိုဆိုဒေသဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီသည် မြေပြင်အနေအထားကို စောင့်ကြည့်လျက်ရှိပြီး    ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အနီးဝန်းကျင်ရှိ  ဆီဂျီအုပ်ချုပ်ရေးဒေသရှိ ပြည်သူများကလည်း  ငလျင်လှုပ်ခတ်မှုကို  ခုနစ်စက္ကန့်ခန့် ခံစားခဲ့ရကြောင်းနှင့် ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးမှုမရှိကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေး အေဂျင်စီအကြီးအကဲ ဆူဟာရန်တိုက အရေးပေါ်တုံ့ပြန်မှုအစီ အမံများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၎င်း၏အဖွဲ့အား ညွှန်ကြားထားသည်။ အရေးပေါ်တုံ့ပြန်မှုအစီအမံများတွင် ဆေးဘက် ဆိုင်ရာအကူအညီ၊ ရွက်ဖျင်တဲများ ထောက်ပံ့ပေးခြင်းနှင့် အချက်အလက်စုဆောင်းခြင်းများ ပါဝင်သည်။                                     

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်