ဂျကာတာ  အောက်တိုဘာ  ၁

စာသင်ကျောင်း အဆောက်အအုံပြိုကျမှုဖြစ်ပွားပြီးနောက် နှစ်ရက်အကြာတွင်  အပျက်အစီးများ အောက်၌ ကျောင်းသား  ကျောင်းသူ  ၉၁ ဦး  ပိတ်မိနေနိုင်သေးကြောင်း အင်ဒိုနီးရှားဘေးအန္တရာယ်စီမံခန့်ခွဲရေး   အာဏာပိုင်အဖွဲ့က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗား ပြည်နယ်တွင်ရှိသည့်  အဆိုပါ စာသင်ကျောင်းအဆောက်အအုံမှာ    စက်တင်ဘာ ၂၉ ရက်က ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် ကျောင်းသား ကျောင်းသူ  သုံးဦးထက်မနည်း  သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြား ၂၆ ဦးမှာ ဆေးရုံ၌   ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကျောင်းတက်မှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီးနောက် အပျက်အစီးများ အောက်တွင် ကျောင်းသား  ကျောင်းသူ ၉၁ ဦး ပိတ်မိနေသည်ဟု  ယုံကြည်ရကြောင်း  တာဝန်ရှိသူများက စက်တင်ဘာ ၃၀ ရက်တွင် ပြောသည်။  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ  ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ပြိုကျသွားသော  စာသင်ကျောင်းအဆောက်အအုံမှာ တိုးချဲ့ဆောက်လုပ်နေခြင်းဖြစ်ကြောင်းနှင့် အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းမှာ ဆောက်လုပ်မှုပိုင်းဆိုင်ရာတွင် မပြည့်စုံမှု သို့မဟုတ် ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း အာဏာ ပိုင်များက ပြောသည်။                                                                   

အင်န်အိတ်ချ်ကေ