မန္တလေး ၂၂ ဖေဖော်ဝါရီ

 

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ကြေးရုပ်တုအား အင်းဝမြို့ဟောင်းတွင် ထားရှိရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ခွင့်ပြုမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင်ထံက သိရသည်။

 

သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တုအား သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားချက်ဖြင့် ထုလုပ်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လထဲက စတင်ထုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇွန်လထဲက ပြီးစီးခဲ့ပြီဖြစ်သည်။

 

" ရုပ်တုကို တံတားဦးမြို့နယ် ဥတည်ကျေးရွာအုပ်စု လေသာရပ်အနီး စည်တိုပုံမြို့ရိုးအတွင်းမှာ ဆောက်လုပ်မယ် အရင်ဆုံး ရုပ်တုတည်ဖို့အတွက် အုတ်ခုံ အရင်တည်ဆောင်မယ်။ အုတ်ခုံပြီးတာ သတိုးမင်းဖျားရုပ်ကိုအမြန်ဆုံး တည်သွားမှာပါ   " ဟု ဦးဝင်းမောင် က ပြောသည်။

 

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကို ကိုင်မြှောက်ထားသည့် ပုံစံဖြစ်သည်။ ရုပ်တုမှာ ကြေး အလေးချိန် တန်ချိန် တစ်တန်ခွဲခန့် အသုံးပြုထားကြောင်း သိရသည်။

 

ရုပ်တု ထုလုပ်ရာတွင် ပုဂံမြို့ဟောင်း နှင့် စစ်ကိုင်းမြို့တို့ရှိ နံရံဆေးရေးပန်းချီများကိုလေ့လာပြီး အင်းဝခေတ် ဝတ်စားဆင်ယင်မှုပုံစံကို ရယူခဲ့ရကြောင်း သိရသည်။

 

သူရိန်လင်း