ငါ့သရောက် ၂၁ ဖေဖော်ဝါရီ   

 

နွေရာသီတွင် လူနေအိမ်များ၊ တဲများဆောက်လုပ်ရန်နှင့် အရိပ်စင်များ ဆောက်လုပ်ရာတွင် အပူဒဏ်ကို ကာကွယ်နိုင်သည့် ထန်းရွက်များကို ကျေးလက်တောရွာများ၌သာမက မြို့ပေါ်ရပ်ကွက်များမှပါ လာရောက်ဝယ်ယူနေကြကြောင်းနှင့် ထန်းရွက်များ ရောင်းချရခြင်းကြောင့် တစ်ဖက်တစ်လမ်းမှလည်း အပိုဝင်ငွေရရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ရှိ ထန်းတောပိုင်ရှင်များထံက သိရသည်။

 

ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်ကာ ပူပြင်းသည့် ရာသီဥတုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရသည့်အပြင် မိုးရာသီတွင်လည်း မိုးရေချိန်အနည်းဆုံးရွာသွန်းသည့် ဒေသဖြစ်ခြင်းကြောင့် အပူဒဏ်ကိုကာကွယ်ရန် ထန်းရွက်များဝယ်ယူကာ လူနေအိမ်များ ဆောက်လုပ်ခြင်း၊ တိရစ္ဆာန်များအတွက် တင်းကုတ်နှင့် လူနေအရိပ်စင်များ ဆောက်လုပ်ရန် ကြိုတင်ဝယ်ယူနေကြကြောင်း သိရသည်။

 

ထန်းရွက်တစ်ရွက်လျှင် ငွေကျပ် (၁၅၀) ကျပ်နှုန်းဖြင့် လိုက်ထရက်ကားတစ်စီးစာ ထန်းရွက်ရေ အရွက်တစ်ရာလျှင် ငွေ (၁၅၀ဝ၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း ထန်းရွက်များရောင်းချရသည့် ဆင်သားမွေးကျေးရွာ ဦးတင်မြင့်ထံက သိရသည်။ 

 

“ကျွန်တော်တို့ ထန်းရွက်ဆိုတာ လာဝယ်သူရှိရင် ပျော်နေရတာပေါ့။ လာဝယ်သူမရှိရင် ထန်းပင်ပေါ်မှာတင် အရွက်ရင့်ပြီး ခြောက်သွားတာ။ ဝယ်ယူသူရှိရင် အမှိုက်ကငွေဖြစ်တော့ မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရတာပေါ့” ဟု ဦးတင်မြင့်က ပြောပြသည်။ 

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)

 

20.00