၁၉ နိုဝင်ဘာ
အာဖဂန်နစ္စတန် နိုင်ငံအရှေ့ပိုင်း လိုဂါပြည်နယ် ဘာရာကီ ဘာရတ်ခ်ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာ နေရာများကို မြေပြင်တပ်များ ကျောထောက်နောက်ခံပြုကာ တိုက်လေယာဉ်များဖြင့် ယမန်နေ့က တိုက်ခိုက်ခဲ့သဖြင့် စစ်သွေးကြွ ကိုးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု ယနေ့ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ မနက်ပိုင်းက ဘာရာကီ ဘာရတ်ခ်ခရိုင် ဘာဘရီ၊ အလက်ဖ်ခန်နှင့် အဟန်ဂါရန် ကျေးရွာတို့တွင် စစ်ဆင်ရေး စတင်လုပ်ဆောင်ခဲ့ရာ စစ်သွေးကြွ ကိုးဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုကြေညာချက်တွင် ထပ်လောင်း ဖော်ပြထားသည်။
ထိုနယ်မြေရှိ စစ်သွေးကြွများကို ရှင်းလင်းပြီးသည့် အချိန်ထိ စစ်ဆင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ထပ်လောင်း ပြောကြားထားသည်။
တာလီဘန် စစ်သွေးကြွများက ထိုစစ်ဆင်ရေးနှင့်ပတ်သက်ပြီး မည်သည့် မှတ်ချက်မျှ ပြောကြားခြင်း မရှိပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


