ဘားအံ ၁၇ မတ်
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် UMH Development ကုမ္ပဏီမှ တည်ဆောက်ပြီးစီးသော ရွှေဖားစည် အဆင့်မြင့်အိမ်ရာ အပ်နှံပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၅) ရပ်ကွက်ရှိ ရွှေဖားစည် အဆင့်မြင့်အိမ်ရာတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ UMH Development ကုမ္ပဏီမှ CEO ဦးထွန်းအောင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး UMH Development ကုမ္ပဏီမှ CEO ဦးထွန်းအောင်ရွှေမှ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေ များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရွှေဖားစည် အဆင့်မြင့်အိမ်ရာ စီမံကိန်း(၂) ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေကျပ် သိန်း ၁၀ဝ အား UMH Development ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိန်ဝင်းက လွှဲပြောင်းပေးအပ်ရာ တိုက်ခန်းပိုင်ရှင်များကိုယ်စား ဦးသန်းနိုင်က လက်ခံရယူခဲ့ပြီး အိမ်ယာစီမံကိန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများနှင့် အိမ်ယာနေထိုင် အသုံးပြုခွင့် လက်မှတ်များကို CEO ဦးထွန်းအောင်ရွှေက ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေဖားစည် အဆင့်မြင့်အိမ်ရာတွင် ၂၃ ပေ၊ ၂၇ ပေအကျယ်ရှိ အခန်းပေါင်း တစ်လွှာလျှင် လေးခန်းရှိ အလွှာ ၅ လွှာပါ အဆောက်အအုံ (၁၅)လုံး စုစုပေါင်း တိုက်ခန်းပေါင်း (၃၀ဝ)ခန်းရှိပြီး မြေညီထပ်ရှိ တိုက်ခန်း တစ်ခန်းလျှင် (၁၇၅)သိန်းနှင့် နောက်ဆုံး (၅)လွှာအထိ တိုက်ခန်းများမှာ ငါးသိန်းစီ လျှော့နည်းမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသော အစိုးရဝန်ထမ်းများ အိုးပိုင်အိမ်ပိုင်အဖြစ် ပိုင်ဆိုင်နိုင်ရေး ရည်ရွယ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


