ဘားအံ ၂၁ ဖေဖော်ဝါရီ
ဂျပန်နိုင်ငံ Daimatsu Co,.Ltd မှ ဦးစီးပြီး ဒေသဖွံဖြိုးရေးအတွက် JICA၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပိုးချည်မျှင်လက်ရက်ကန်း ထုတ်လုပ်ခြင်းနှင့် အရည်အသွေးမြင့် ပိုးချည်မျှင် ထုတ်လုပ်သည့် ဂျပန်နည်းပညာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် မိတ်ဆက်ဖြန့်ဖြူးပေးမှုစီမံကိန်း ဂျပန်ရိုးရာ ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြင့်ပိုးချည်မျှင် ထုတ်လုပ်သည့်နည်းပညာ မိတ်ဆက်ဖြန့်ဖြူးမှု အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်၊ အိန္ဒု-မော်လမြိုင် ကားလမ်းဘေးရှိ ကမော့က ပိုမျိုးသန့်ခြံ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကရင်တိုင်ရင်းသားလူမျိုးများ၏ ရိုးရာဂျပ်ခုတ်ကို အထူးပင်စိတ်ဝင်စားပါကြောင်း၊ ကရင်ရိုးရာ ဂျပ်ခုပ်ထည်များကို ပိုးချည်ဖြင့်ရက်လုပ်ပါက ပို၍လူကြိုက်များ စိတ်ဝင်စားမည်ဟု ယုံကြည့်သည့်အတွက် ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Keisuke Amimoto က နှုတ်ခွန်းဆက်စကား ပြောကြားကာ မြန်မာနိုင်ငံဆိုင်ရာ JICA အဖွဲ့အစည်းမှ ဒုတိယဌာနေကိုယ်စားလှယ် Mr.Nobuo Iwai က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ Daimatsu Co,.Ltd ဥက္ကဋ္ဌ Mr.Keiji Fujii က ပိုးချည်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပိုးမွေးမြူရေးပညာရှင် Mr.Hiraishi က ပိုးချည်ထုတ်လုပ်မှု ဗီဒီယိုမှတ်တမ်းအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဂျပန်ရိုးရာ ပစ်တိုင်းထောင်အရုပ်အား မျက်လုံးရေးဆွဲ၍ အလင်းဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိုးချည်မျှင် လက်ရက်ကန်းအလုပ်ရုံ၌ ပိုးချည်ထုတ်လုပ်မှု အဆင့်အဆင့်အား လှည်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ပိုးထည်ထုတ်လုပ်သည့်လုပ်ငန်း ပျောက်ကွယ်မည့် အလားအလာနှင့် တရုတ်နိုင်ငံမှတင်သွင်းနေရသည့် အခြေအနေကြောင့် ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြင့် ပိုးချည်မျှင်ထုတ်လုပ်သည့် နည်းပညာများအား ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် မိတ်ဆက်ဖြန့်ဖြူးပေးခြင်းအားဖြင့် မြန်မာ့ပိုးထည်လုပ်ငန်းကို ပြန်လည်ဦးမော့လာစေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်၏ ပူပြင်းစိုစွတ်သည့် ရာသီဥတုနှင့်ကိုက်ညီသည့် ဂျပန်ရိုးရာ ပိုးမွေးမြူခြင်းနှင့် ပိုးချည်မျှင်ထုတ်လုပ်ခြင်း နည်းပညာကို တောင်သူများထံသို့ လက်ဆင့်ကမ်း၍ အရည်အသွေမြင့်မားသည့် ပိုးလုံး၊ ပိုးချည်များကို ထုတ်လုပ်နိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပိုးမွေးမြူခြင်း၊ ပိုးချည်ထုတ်လုပ်ခြင်း စသည့်အလုပ်အကိုင် အခွင့်အလမ်းများကြောင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်ကြောင်း အဆိုပါနည်းပညာ မိတ်ဆက်ဖြန့်ဖြူးသည့် အခမ်းအနားမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


