ဘားအံ ၁၂ မတ်
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကြီးတို့၏ လမ်းညွှန်ချက်များအား လိုက်နာ၍ မြန်မာအဆောက်အအုံပုံစံပြု အင်ဂျင်နီယာများ၏ တိုးတက်ကောင်းကျိုးအတွက် စွမ်းစွမ်းတမံပါဝင် ကြိုပန်းဆောင်ရွက်နိုင်ရန်၊ ဆောက်လုပ်ရေးစီမံကိန်းကြီးများတွင် မြန်မာအဆောက်အအုံပုံစံပြု အင်ဂျင်နီယာများ စွမ်းဆောင်ပါဝင်နိုင်မှု အခွင့်အလမ်းများတိုးတက်လာစေရန်၊ အဆောက်အအုံပုံစံပြု လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပ အဆောက်အအုံပုံစံပြု ဒီဇိုင်းအင်ဂျင်နီယာများအချင်းချင်း လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံများကို ပူးပေါင်းဖလှယ်ခြင်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးအဖွဲ့၏ လမ်းညွှန်မှုဖြင့် Effective Life Co.,Ltd နှင့် Group of Structural and Geotechnical Design Engineers (GSGDE)အဆောက်အအုံပုံစံပြုအင်ဂျင်နီယာအဖွဲ့တို့ ပူးပေါင်း၍ ကရင်ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၁၂)ရက်နေ့၊နံနက်(၈)နာရီက ဘားအံမြို့ဇွဲကပင်ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်၊ သစ်တော၊ သတ္တုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက တက်ရောက်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအင်ဂျင်နီယာမှူးကြီး(ငြိမ်း)ဦးအုန်းဟန်နှင့် ပညာရှင်များက တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်ပြီး အသီးသီးဦးဆောင်ဆွေးနွေးကြကာ တက်ရောက်လာကြသော ပြည်နယ်သဘာဝပတ်ဝန်းကျင်၊ သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များမှ သိရှိလိုသူများက မေမြန်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


