နေပြည်တော် ၁၂ မတ်
ဘာလင် နိုင်ငံတကာခရီးသွားပြပွဲ - ၂၀၁၉ နှင့် (၉)ကြိမ်မြောက် ပိုးလမ်းမခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဂျာမနီနိုင်ငံ ဘာလင်မြို့၌ မတ် ၆ ရက်မှ မတ် ၁၀ ရက် အထိ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်ခဲ့သည်။
ဘာလင် နိုင်ငံတကာခရီးသွားပြပွဲ - ၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို မတ် ၅ ရက်တွင် ဘာလင်မြို့ Messe Berlin ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် နိုင်ငံပေါင်း(၁၆)နိုင်ငံမှ ဝန်ကြီးများနှင့်အတူ တက် ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် မတ် ၆ ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ (၉)ကြိမ်မြောက် ပိုလမ်းမခရီးသွားဝန်ကြီးများ အဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး TTG Asia Media နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးတက်မှု၊ ရှေ့ ဆက် ဆောင်ရွက်သွားမည့် အစီအစဉ်များဆိုင်ရာ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘာလင်မြို့ Messe Berlin ခရီးသွားပြခန်းတွင် ပိုလန်နိုင်ငံ၏ အားကစားနှင့် ခရီးသွားဝန်ကြီးဌာန Secretary of State Mrs. Anna Krupka နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ခရီးသွားပြခန်း၌ ပြည်ထောင်စုဝန်ကြီးသည် American Society of Travel Advisors ၏ ဒုတိယဥက္ကဌ Mr. Bob Duglin နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ အမေရိကန်ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်နိုင်ရန် ရည်ရွယ်၍ ခရီးစဉ်များ စီစဉ်နေမှု၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ ရေငုပ်ခြင်း၊ ပင်လယ်ရေအောက်ရှိ ရေသတ္တဝါများ ကြည့်ရှုခြင်း အစီအစဉ်များ စီစဉ်ထားမှုကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ခရီးသွားပြခန်း၌ မြန်မာညနေခင်း အစီအစဉ်သို့ တက်ရောက် အမှာစကားပြောကြားပြီး နိုင်ငံတကာ ခရီးသွားပြခန်းများကို ကြည့်ရှု လေ့လာသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီ ၁၇ က ခရီးသွားပြခန်းများ ပြသထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Mecklenburg - Vorpommern ပြည်နယ် Schwerin ကန်ပေါ်တွင်တည်ရှိသော ပြည်နယ်လွှတ်တော်နှင့် ခရစ်ယာန်ဘုရားကျောင်းအဖြစ် ပြုလုပ်ထားသည့် ရှေးဟောင်း Schwerin နန်းတော်တို့၌ ရှေးဟောင်းလက်မှုအနုပညာများကို လက်ရာမပျက်စေဘဲ ပြန်လည်ပြုပြင်ထိန်းသိမ်းထားမှု၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၏ ရုံးခန်းများ၊ အစည်းအဝေး ခန်းမဆောင်များကို ကြည့်ရှုလေ့လာခဲ့သည်။
(သတင်းစဉ်)


