၂၁ နိုဝင်ဘာ

နိုင်ဂျီးရီးယားလေကြောင်းတပ်ဖွဲ့သည် နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ အကြမ်းဖက်အုပ်စုဖြစ်သည့် ဘိုကိုဟာရမ်အဖွဲ့၏ အစည်းအဝေးကျင်းပရာနေရာများအနက် တစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားလေကြောင်းတပ်ဖွဲ့၏ စစ်ဆင်ရေးသည် ဘိုကိုဟာရမ်ခေါင်းဆောင်းများကို သေစေခဲ့သည်ဟု နိုင်ဂျီးရီးယားလေကြောင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အိုင်ဘီကွန်လီ ဒါရာမိုလာ က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများလည်း သိုလှောင်ထားသည့် အခြေချရာ နယ်သစ်တစ်ခုအတွင်း ဘိုကိုဟာရမ်ခေါင်းဆောင်အချို့ စုရုံးရောက်ရှိခဲ့သည်ဟု သတင်းထောက်လှမ်းရရှိပြီးနောက် ထိုစစ်ဆင်ရေးကို ပြီးခဲ့သည့် အင်္ဂါနေ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုကြေညာချက်အရ သိရသည်။

နိုင်ဂျီးရီးယားလေကြောင်းတပ်ဖွဲ့သည် မြေပြင်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ ဘိုကိုဟာရမ်အကြမ်းဖက်သမား အကြွင်းအကျန်များကို ဆက်လက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ဒါရာမိုလာ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်အုပ်စုသည် နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ ရာချီရှိသောလူများသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို