နေပြည်တော် ၂၂ အောက်တိုဘာ
ဘိုကလေးမြို့နယ် ကျီးစုကျုံဖားကျေးရွာတွင် (၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ရေနစ်သတ်သူကို ဖော်ထုတ်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကျီးစုကျုံဖားကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ရုပ်ဆိုင်ချောင်းအတွင်း၌ အောက်တိုဘာ ၁၉ ရက် ည ၈ နာရီခန့်တွင် ၎င်းကျေးရွာနေ အိသဇင်(၇)နှစ်၏ အလောင်းတွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ၎င်းအား ပြင်ပဒဏ်ရာမရှိဘဲ ဝဲဘက်ခြေကျင်းဝတ်၌ အရှည်တစ်တောင်ခန့် ထမီအထက်ဆင်စဖြင့် ချည်နှောင်လျက် နားနှင့် နှာခေါင်းတို့တွင် သွေးယိုစီးကာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ အောက်တိုဘာ ၁၈ ရက်က တစ်ရွာတည်းနေ အငယ်လေး(ခ)အေးနိုင် (၂၈)နှစ်မှ အိသဇင်အား ရုပ်ဆိုင်ချောင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ၍ အငယ်လေး(ခ)အေးနိုင်အား စစ်ဆေးရာ အခင်းဖြစ်နေ့က ၎င်းသည် အဆိုပါချောင်းအတွင်းသို့ ရေချိုးသွားစဉ် ခင်မင်ရင်းနှီးသူ အိသဇင်က နောက်ကလိုက်လာကြောင်း၊ ချောင်းအတွင်း၌ အတူရေချိုးနေစဉ် ၎င်းက“နင့်အမေ ငါနဲ့ပေးစားပါလား”ဟု စနောက်ပြောဆိုရာ အိသဇင်က ၎င်းအား ဆဲဆိုသဖြင့် ချောင်းအတွင်း၌ ရေနစ်သတ်ခဲ့ကြောင်း၊ ၎င်းနောက် အလောင်းအား မတွေ့ရှိစေရန် ဝဲဘက်ခြေကျင်းဝတ်အား ထမီအထက်ဆင်စဖြင့် ချည်နှောင်ပြီး အုတ်ခဲ ၁ ခဲဖြင့်တွဲကာ ချောင်းအတွင်း၌ နစ်ထားခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် အငယ်လေး(ခ)အေးနိုင်အား မြင်းကကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MDN


