လန်ဒန် ၂၄ အောက်တိုဘာ
ဥရောပတစ်ဝန်းမှ ခေါင်းဆောင်များအနေဖြင့် ဘရက်ဆစ်အရေးအား မည်သည့်နေရာတွင် အချိန်မည်မျှဆိုင်းငံ့ထားမည်ကို ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကမူ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ဆန္ဒရှိနေသည်။
ပါလီမန်အတွင်းရှိ ပြင်းထန်သော မဲဆန္ဒပေးမှုများတွင် ဂျွန်ဆင်အနေဖြင့် ၎င်းဆောင်ရွက်လိုသော အောက်တိုဘာ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးနှင့် ပတ်သက်ပြီး ထောက်ခံမှုအပြည့်အဝ ရရှိခဲ့သည်။ သို့သော် ရှုပ်ထွေးသော ဘရက်ဆပ်အရေးတွင် ပါလီမန်အမတ်များအနေဖြင့် ဂျွန်ဆင်လိုလားသော ဘရက်ဆစ် ဥပဒေကြမ်းကို ပါလီမန်၏ စိစစ်မှုလျှော့ချလိုခြင်းကို လက်မခံဘဲ ငြင်းဆိုကြသည်။ ဥရောပပါလီမန်၏ ဥက္ကဌ ဒေါ်နယ်တက်စ်က ပြောကြားရာတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံမှ ထပ်မံမြှင့်သတ်မှတ်ထားသော ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ဗြိတိန်က ဘရက်ဆစ်နှင့်ပတ်သက်ပြီး သဘောတူညီချက်ရရှိပါက အချိန်သက်သာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိုင်ယာလန်ဝန်ကြီးချုပ် လီယိုဘာရာကာက ဒေါ်နယ်တက်စ်အား ပြောကြားရာတွင် မိမိအနေဖြင့် ဘရက်ဆစ်အရေးကို ဇန်နဝါရီ ၃၁ ရက်တွင် ဆောင်ရွက်မည်အရေးကို ထောက်ခံကြောင်း၊ သို့သော် ဂျာမနီနှင့်ပြင်သစ် တာဝန်ရှိသူများအနေဖြင့် ဘရက်ဆစ်အရေးကို ထိုအချိန်ထက်စောပြီး ပြီးမြောက်စေလိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ လန်ဒန်မှ ပါလီမန်အမတ်များအား ဘရက်ဆစ်အရေးကို အတည်ပြုနိုင်ရန် သီတင်းနှစ်ပတ်သုံးပတ်မျှ အချိန်ပေးခြင်းသည် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း၊ သို့သော် ဘရက်ဆစ်အရေးကို ဇန်နဝါရီလကုန်အထိ ရွှေ့ဆိုင်းခဲ့ပါက မည်သည့်အတွက်ကြောင့် ထိုသို့ဆောင်ရွက်ရသည်ကို မိမိတို့သိရှိရန် လိုအပ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမက်စ်က ပြောကြားသည်။
ပြင်သစ်နိုင်ငံ၏ ဥရောပဆိုင်ရာဝန်ကြီးဖြစ်သူ အေမီလီဒီမောင့်ချာလင်က “ ကျွန်တော်တို့ရဲ့အမြင်ကတော့ ဗြိတိန်ပါလီမန်ကို လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နိုင်ဖို့အတွက် ရက်အနည်းငယ် တိုးပေးလိုက်တာဟာ တရားမျှတပါတယ်” ပြောကြားခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ဘရပ်ဆဲလ်တွင် တွေ့ဆုံပြီး ဘရက်ဆစ်အရေး ဆုံးဖြတ်မည့်လုပ်ငန်းစဉ်အား ဆွေးနွေးရန်ရှိသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-စိုးသူရ


