မင်းဘူး ၁၁ မတ်
မင်းဘူးမြို့နှင့် မန်းရွှေစက်တော်ခရီးလမ်းကို ဘုရားဖူးပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရန် လမ်းပြုပြင်မှုများ ဆောင်ရွက်လျက်ရှိသော်လည်း နှစ်စဉ်မန်းရွှေစက်တော် ဘုရားဖူးရာသီကာလနှင့် တိုက်ဆိုင်စွာ လုပ်ဆောင်နေခြင်းကြောင့် ဝေဖန်မှုများရှိနေကြောင်း သိရသည်။
ဘုရားပွဲတော်ကာလ မတိုင်မီသုံးလခန့်ကတည်းက ပွင့်လင်းရာသီသို့ ရောက်ရှိနေသော်လည်း ပွဲတော်ချိန်ရောက်မှ လမ်းပြုပြင်နေခြင်းများကြောင့် စက်တပ်ယာဉ်များဖြင့် ခရီးသွားရာတွင် ခရီးကြန့်ကြာခြင်း၊ ယာဉ်အန္တရာယ် စိုးရိမ်ရခြင်းများ ရှိနေသည်ဟု ဘုရားဖူးများက ဆိုသည်။
“လမ်းပြင်ပြီဆိုကတည်းက ကျောက်ကြီးတွေ၊ ကျောက်စရစ်တွေ ပုံတယ်။ ကတ္တရာတွေ မီးနဲ့ကျိုကြတယ်။ လမ်းရဲ့တစ်ခြမ်းကိုစပြီး ပြုပြင်မှုတွေလုပ်ကြတယ်။ ကားတွေ၊ ဆိုင်ကယ်တွေက လွတ်နေတဲ့လမ်းတစ်ခြမ်းကို အလှည့်နဲ့စောင့်ပြီး သွားရတယ်။ လမ်းလုပြီး မောင်းတဲ့ယာဉ်တွေကလည်း ရှိကြတယ်။ ပွင့်လင်းရာသီရောက်တာက ကြာပါပြီ။ ခုမှ ဘာလို့ ထလုပ်ကြတာလဲမသိဘူး။ လမ်းတွေပြင်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အချိန်အခါလေးတော့ ရွေးလုပ်စေချင်ပါတယ်” ဟု ရန်ကုန်မြို့မှ မန်းရွှေစက်တော်သို့ ဘုရားဖူလာသူတစ်ဦးက သူ၏အမြင်ကို ပြောပြသည်။
ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူများပြားလျက်ကာ ဖေဖေါ်ဝါရီ (၁၈)ရက်က ရွှေစက်တော် (၈)မိုင်အဝင်လမ်းအနီးတွင် လမ်းပြုပြင်နေသော လမ်းခင်းလုပ်သားများကို ဘုရားပွဲလာသည့် မော်တော်ယာဉ်တစ်စီးက ဝင်တိုက်သဖြင့် အမျိုးသမီး(၁)ဦး သေဆုံးသွားပြီး (၇)ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
"ဘတ်ဂျက်ချထားပေးတဲ့ အခြေအနေကြောင့် ရွှေစက်တော်ပွဲတော်ချိန်နဲ့ တိုက်ဆိုင်နေတာပါ။ ဘတ်ဂျက်က နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်မှာ ချထားပေးတယ်။ အဲဒီအချိန်ကျမှ ပစ္စည်းတင်ဒါပေးရတာ ဖြစ်ပါတယ်။ ဘုရားပွဲတော်ပြီးမှ လမ်းလုပ်ငန်းတွေ လုပ်နေမယ်ဆိုပြန်တော့လည်း မိုးကာလကို ရောက်သွားမှာဖြစ်လို့ ပွင့်လင်းရာသီအမီ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အခု ပြင်နေတဲ့လမ်းပိုင်းက ကျွန်မတာဝန်ယူထားတဲ့ လမ်းပိုင်းတော့ မဟုတ်ပါဘူး။ လုပ်ငန်းသဘောကို ရှင်းပြတာပါ" ဟု မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ EE ဒေါ်ဥမ္မာလှိုင်က ပြောသည်။
မင်းဘူး - ရွှေစက်တော်ကားလမ်းပိုင်း ပြင်ဆင်မှု၊ လမ်းသားတိုးချဲ့မှုလုပ်ငန်းများ လတ်တလော ဆောင်ရွက်နေသဖြင့် လာရောက်လည်ပတ်သူများပြားသည့် မကွေးတိုင်းဒေသကြီး မန်းစက်တော်ရာ ဘုရားပွဲတော်ကျင်းပနေချိန်တွင် ယာဉ်မတော်တဆမှု မဖြစ်ပွားစေရန် သတိထားမောင်းနှင်ရန် လိုအပ်ကြောင်း ဒေသခံများက အကြံပြုပြောကြားသည်။
ဇေယျတု(မကွေး)


