နေပြည်တော် ၂၄ အောက်တိုဘာ
ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်−မောင်တော ကားလမ်း၌ တရားရုံး ထုတ် အချုပ်ယာဉ် နှင့် လုံခြုံရေးယာဉ်တန်းတို့အား AA အဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဉီး ကျဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်−မောင်တော ကားလမ်း မိုင်တိုင်(၅/၂) အနီး၌ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က မောင်တောမြို့နယ် တရားရုံးမှ ဘူးသီးတောင်အကျဉ်းစခန်းသို့ ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးလိုက် ပါပြီး အချုပ်တရားခံ အမျိုးသား ၂၀ ပါ တရားရုံးထုတ် အချုပ်ယာဉ်နှင့် အချုပ် တရားခံ အမျိုးသား ၈ ဉီး၊ အမျိုးသမီး ၂ ဉီး ပေါင်း ၁၀ ဦးပါဝင်သည့် ယာဉ်တို့အား AA အဖွဲ့ အင်အား ၁၀ ဦးခန့်က ရီမုမိုင်း ၂ လုံးဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ ကြောင်း၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် AA အဖွဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လုံခြုံရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ငါးဉီး ဒဏ်ရာများ ရရှိပြီး အချုပ်တရားခံ အမျိုးသမီး နှစ်ဦးတွင် ဒဏ်ရာများ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူများကို ဘူးသီးတောင်မြို့ရှိ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူများအနက် ရဲတပ်သား ထွန်းအောင် ကျော်နှင့် ရဲတပ်ကြပ် ဟိန်းဇော်တို့ နှစ်ဦးမှာ ညနေ ၅ နာရီခွဲခန့်တွင် ရရှိသော ဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကျန်အချုပ်တရားခံများအား ဘူးသီးတောင် အကျဉ်းစခန်းသို့ ပို့ဆောင်ခဲ့ပြီး ထိတွေ့မှု ဖြစ်ပွားသည့် နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
(သတင်းစဉ်)


