၅ နိုဝင်ဘာ
ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ ရာထူးမှ ဂျွန် ဘားကိုး နှုတ်ထွက်သွားပြီးနောက် ဥက္ကဌရာထူးအတွက် မဲခွဲဆုံးဖြတ်ရာ ဆာ လင်ဆီဟွိုင်းအား တာဝန်ယူရန် လွတ်တော်အမတ်ဦးရေ စုစုပေါင်း ၅၄၀ မှာ ၃၂၅ ဦးက ရွေးချယ်ခဲ့ပါတယ်။
လွှတ်တော်ဥက္ကဌဟာ နိုင်ငံရေး ဘက်လိုက်မှု ကင်းရမှဖြစ်တဲ့အတွက် ဆာ လင်ဆီဟွိုင်း က လေဘာပါတီကနေ နှုတ်ထွက်ရမှာ ဖြစ်ပါတယ်။ လင်ဆီဟွိုင်းဟာ လေဘာပါတီရဲ့ လွှတ်တော် အမတ်အဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဌ တာဝန်မထမ်းဆောင်ခင်မှာ လင်ဆီးဟွိုင်းက ၂၀၁၇ ခုနှစ်က ကွယ်လွန်သွားတဲ့ သမီးဖြစ်သူ နတ်တလီ ကို အောက်မေ့စကား ပြောကြားပြီး သူမကို အမြဲသတိယနေလို့ ပြောပါတယ်။
ဆာ လင်ဆီဟွိုင်း ရဲ့ ဖခင်ဖြစ်သူကလည်း လေဘာပါတီရဲ့ လွှတ်တော်အမတ်ဟောင်း ဖြစ်ပြီး အခုတော့ လေဘာပါတီရဲ့ နာယက ဖြစ်ပါတယ်။ လင်ဆီဟွိုင်း ကိုယ်တိုင်ကလည်း ၁၉၉၇ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်မခံခင် အချိန်အထိ သူရွေးချယ်ခံမယ့် မဲဆန္ဒနယ်ရဲ့ ကောင်စီအဖွဲ့ဝင်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ တနည်းအားဖြင့် လင်ဆီဟွိုင်းရဲ့ နိုင်ငံရေးဟာ အဲဒီကနေ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
လင်ဆီဟွိုင်းက ၂၀၁၀ ခုနှစ်ကစပြီး လွှတ်တော် ဒုဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ဥက္ကဌရဲ့ လုပ်ပုံကိုင်ပုံတွေကို လေ့လာဖို့ အချိန်အတော် ရခဲ့ပြီးဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ လင်ဆီဟွိုင်းကို ဝန်ကြီးချုပ် ဂျွန်ဆင် က နှစ်ပေါင်းများစွာ ဟွိုင်းကို သူလေ့လာခဲ့ရာမှ အရည်အချင်းကောင်းတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်လို့ ပြောပြီး ကြိုဆိုလိုက်ပါတယ်။
ဒီကနေ့ ကျင်းပမယ့် လွှတ်တော်မှာ လင်ဆီဟွိုင်းက လွှတ်တော်ဥက္ကဌရာထူးကို တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်ရေးတွေ စတင်လုပ်ဆောင်ရန် လွှတ်တော်ကို မနက်ဖြန် (ဗုဒ္ဓဟူးနေ့) ကစပြီး ရပ်နားမှာ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဌက ပါတီလုပ်ငန်းတွေကနေ နှုတ်ထွက်မှာဖြစ်ရာ လွှတ်တော်ဥက္ကဌရဲ့ မဲဆန္ဒနယ်မှာ ပုံမှန်အနေနဲ့ ပြိုင်ဘက်ပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်တာမျိုး လုပ်လေ့ မရှိတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP


