၁ နိုဝင်ဘာ
ဗီယက်နမ်ကနေ ဗြိတိန်နိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ သွားရောက်အလုပ်လုပ်မယ့် သားသမီးတွေ အတွက် အမေရိကန်ဒေါ်လာ ထောင်ချီပြီး ချေးငှားခဲ့တဲ့ မိဘတွေဟာ အကြွေးနွံထဲ နစ်ကြရပြီး ဘယ်လို ပြန်ဆပ်ရမှန်း မသိဘူး ဖြစ်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့အနီး အက်စ်ဆက်မှာ လူ ၃၉ ဦးဟာ အအေးခန်းကားအတွင်းမှာ သေဆုံးနေတာကို တာဝန်ရှိသူတွေက တွေ့ရှိပြီး ကားမောင်းသမားကို လူ ၃၉ ဦးအား သတ်မှုနဲ့ တရားစွဲ ဆိုထားပါတယ်။
သေဆုံးသူအများစုမှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသခံတွေ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာနေထိုင်သူ အများစုဟာ လယ်လုပ်ငန်း၊ တံငါလုပ်ငန်း နဲ့ စက်ရုံတွေမှာ အလုပ်လုပ်သူတွေဖြစ်ပါတယ်။ အဲဒီဒေသခံတွေရဲ့ သားသမီးတချို့ဟာ ဥရောပနိုင်ငံတွေ အလုပ်လုပ်ကိုင်နေပြီး မိဘများထံ ငွေကြေးပြန်လည် ထောက်ပံ့ ပေးနေပြီဖြစ်ပါတယ်။
လန်ဒန်အပြင်ဘက် အအေးခန်းကားထဲမှာ သေဆုံးတယ်လို့ ယူဆရသူ အသက် ၂၀ အရွယ် ငုရင် ဒင် လုယောင် ရဲ့ ဖခင်ဖြစ်သူ ငုရင် ဒင် ဂိုင်က သူတို့မိသားစုအကြွေး အမေရိကန်ဒေါ်လာ ၈၆၀ဝ ပေးဖို့ရှိနေသေးကြောင်း၊ သားဖြစ်သူ ငုရင် ဒင် လုယောင်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ပြင်သစ်နိုင်ငံကို သွားရောက်ပြီး စားပွဲထိုးလုပ်ကိုင်နေခဲ့ပါတယ်။
လုယောင်ရဲ့ ဥရောပခရီးဟာ ဗီယက်နမ်ကနေ ရုရှားကို သွားရောက်ပြီး ရုရှားမှ ပြင်သစ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
သူဟာ မိသားစုဆီကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၅၀ ကနေ ၄၃၀ အထိ ပြန်လည်ထောက်ပံ့နေရာမှ ပိုပြီးထောက်ပံ့နိုင်ရန် ငွေချေးပြီး ခရီးဆက်ကြောင်း၊ အဲဒီခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၄၀ဝ၀ ကို သူ့ခရီးစဉ်ဆုံးရင် ပေးရန်ပြောကြားကြောင်း ဖခင်ဖြစ်သူက သတင်းဌာနတွေကို ပြောပါတယ်။
ဖခင်ဖြစ်သူ ငုရင် ဒင် ဂိုင်က လယ်သမားတစ်ဦးဖြစ်ပြီး နောက်ထပ် ကလေး ၇ ယောက်နဲ့ အတူ ဗီယက်နမ်နိုင်ငံမှာ ဟသင်းပြည်နယ်မှာ နေထိုင်ပါတယ်။
သေဆုံးသူ ၃၉ ဦးထဲမှ အသက်အငယ်ဆုံး ၁၅ နှစ်အရွယ် ငုရင် ဟူ ဟောင်းရဲ့ မိဘများဟာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဖြစ်ရာ မိဘများဆီအသွား သေဆုံးတယ်လို့ ယူဆရပါတယ်။
အအေးခန်းကားထဲမှာ လူ ၃၉ ဦး သေဆုံးပြီးနောက် ဗီယက်နမ်နိုင်ငံမှာ လူကုန်ကူးသူတွေက ပျောက်ကွယ်သွား ပေမယ့် ပြန်လည် ပေါ်လာမယ်လို့ ပွဲစားတွေနဲ့ ရွားသားတွေက ပြောပါတယ်။ လူကုန်ကူးသူတွေဟာ အထူးသဖြင့် ဆင်းရဲတဲ့ မြို့ပြနဲ့ဝေးရာရှိ ဗီယက်နမ်တွေကို ဦးတည်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


