စာဆိုတမန်
၂၀။ ဝယ်လင်တန်ဂိတ်တံခါး (Wellington Arch)
ဝယ်လင်တန်ဂိတ်တံခါး (Wellington Arch) သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၏ အထင်ကရသမိုင်းမှတ်တိုင် အဆောက်အအုံအဖြစ်လူသိများပြီး Constitution Arch ဟူ၍လည်း ခေါ်ဆိုကြသည်။ ၁၈၂၅ ခုနှစ်မှ ၁၈၂၇ ခုနှစ် အထိ ဘာကင်ဟမ်နန်းတော် ရှေ့ထွက်ပေါက်အဖြစ် ရည်ရွယ်၍ Hyde Park နှင့် မျက်နှာချင်းဆိုင်အနေအထား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ (၁၈) ရာစုနှောင်းပိုင်း နပိုလီယံစစ်ပွဲများပြီးနောက် ဗိသုကာပညာရှင်များသည် စိတ်ကူးအစီအစဉ်များဖြင့် ခမ်းနားကြီးကျယ်သော ဂိတ် တံခါးများ ဆောက်လုပ်အကောင်အထည်ဖော်ရန် ရုံးတော် များသို့ ချဉ်းကပ်ကြိုးပမ်းခဲ့ကြပါသည်။ ၁၈၂၄ ခုနှစ်တွင် ငယ်ရွယ်သောဒီဇိုင်းပညာရှင် Decimus Burton ကို တော်ဝင်ပန်းခြံအနီး အရန်အတားဂိတ်တံခါးတစ်ခု
ဆောက် လုပ်ရန် သစ်တောရုံးက တာဝန်ပေးစေခိုင်းခဲ့သည်။
Burton သည် Green Park Arch ဟူ၍ ဘက်ကင် ဟမ်နန်းတော်၏ ထွက်ပေါက်အဖြစ် ရည်ရွယ်ကာ ဒီဇိုင်းရေးဆွဲတင်သွင်းခဲ့သော်လည်း ဗိသုကာပညာရှင် John Nash က စတုတ္ထမြောက် ဂျော့ဘုရင်ကို လေးစား ဂုဏ်ယူရသော သွင်ပြင်လက္ခဏာဖြစ်ပေါ်စေရမည်ဟုဆိုကာ ဒီဇိုင်းပုံစံပြန်လည်ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် Burton သည် အောင်ပွဲခံမုခ်ဦးအဖြစ် ခမ်းနားထည်ဝါသော လက်ရာများဖြင့် မုခ်ဦးထိပ်တွင် Quadriga ဟုခေါ်သော မြင်းလေးကောင်ဖြင့်ဆွဲရသည့် ဘီးနှစ်ဘီးတပ်ဆင်ထား သော စစ်ရထားပုံစံ ဒီဇိုင်းရေးဆွဲခဲ့သည်။
သို့ရာတွင် Burton ၏ မူလပထမမူရင်းပုံစံမပြည့်စုံ ခဲ့ဘဲ ဗြိတိသျှသူရဲကောင်းများအဖြစ် ထင်ရှားကျော်ကြား သော Nelson နှင့် Wellington တို့၏ အမှတ်တရအထိမ်း အမှတ်အဆောက်အဦတည်ဆောက်ရန် ဖွဲ့စည်းထားခဲ့ သော ကော်မတီများက သဘောထားကွဲလွဲ၍ အငြင်းပွားမှု များစွာဖြင့် ၁၈၄၆ ခုနှစ်တွင် Wellington မြို့စား၏ရုပ်တု ကို မုခ်ဦးထိပ်တွင် စိုက်ထူထားခဲ့သည်။
ထို့နောက် ဝယ်လင်တန်ဂိတ်တံခါးကို ၁၈၇ဝ ပြည့် နှစ်တွင် Hyde park ပန်းခြံအနီးဝန်းကျင်တွင် ကူးလူး သွားလာမှု များပြားရှုပ်ထွေးလာသောကြောင့် ၁၈၈၀ ပြည့်နှစ်တွင် မူလနေရာမှ ယနေ့တွေ့မြင်ရသော Hyde Park ပန်းခြံ ထောင့် Kensington လမ်းမနှင့် Piccadilly လမ်းဆုံရာ ပန်းခြံလမ်း၊ Green Park ပန်းခြံ၏အရှေ့ တောင်ဘက် လန်ဒန်မြို့လယ်အဆောက်အဦများကြား ရွှေ့ပြောင်းခဲ့ပါသည်။ နေရာရွှေ့ပြောင်းခဲ့ပြီး ဝယ်လင်တန် ဂိတ်တံခါးမုခ်ဦးထိပ်တွင် မည်သည့်ရုပ်တုမျှ မရှိတော့ခြင်း ကြောင့် ဝေလမင်းသား၏အကြံပေးချက်အရ ၁၈၉၁ ခုနှစ်တွင် ပန်းပုပညာရှင် Andrian Jones က ပြင်ဆင် ရေးဆွဲရန် စီစဉ်ခဲ့ပြီး ဘဏ်လုပ်ငန်းရှင် Sir Herbert Stern က ရန်ပုံငွေမတည်၍ အလှူရှင်များက စုပေါင်းကာ စတာလင်ပေါင် ၂၀၀၀၀ ဖြင့် ၁၉၁၂ ခုနှစ်၌ Quadriga ဟု ခေါ်သော မြင်းလေးကောင်ဖြင့်ဆွဲရသည့် နှစ်ဘီး တပ်ဆင်ထားသည့် စစ်ရထားကို အားမာန်အပြည့်ဖြင့် ဆွဲလျက် မောင်းနှင်နေသောပန်းပုကိုထုဆစ်၍ မုခ်ဦးထိပ် တွင် ပြင်ဆင်နေရာချထားခဲ့သည်ကို ယနေ့ချိန်ခါထိ တွေ့မြင်ရသည်။
ကျောက်တံခါးဂိတ်မုခ်ဦးတွင်
အထပ်ငါးထပ်ရှိပြီးအထပ်တိုင်းရှိအခန်းများ နေရာကျဉ်းသော်လည်း တတိယ ထပ်တွင် နေရာကျယ်ပြန့်လုံလောက်စွာရှိသည်။ ၁၉၆၀-၁၉၆၂ခုနှစ်တွင် မုခ်ဦး၏အရေးပေါ်ထွက်ပေါက်များ ပြုပြင်ဆောက်လုပ်ပေးခဲ့ပြီး မုခ်ဦးအတွင်းပိုင်းကို ရှေးသမိုင်း အထောက်အထားလက်ရာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ ၁၉၉၉-၂ဝဝဝပြည့် နှစ်တွင် အင်္ဂလိပ်ရှေးဟောင်းယဉ်ကျေးမှုဌာနက အဆောက် အဦအကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ တာဝန်ယူ ပြင်ဆင်ခဲ့ကာ အရှေ့ဘက်နှင့်အနောက်ဘက်နေရာများ တွင် ပြခန်းများကြည့်ရှုနိုင်ရန် ဖန်တီးခဲ့သည်။၂၀၁၁-၂၀၁၂ ခုနှစ်များ၌ မုခ်ဦးတတိယထပ်ကိုပြင်ဆင်ခဲ့ပြီး Quadriga ရုပ်တုများ ပြခန်းဖန်တီး၍ ၂၀၁၂ ခုနှစ် မေလတွင် အများ ပြည်သူများကြည့်ရှုရန် ဖွင့်လှစ်ခဲ့သည်။
၂၁။ ဝယ်လင်တန်မြို့စားရုပ်တု (Equestrian Statue of Duae of Wellington)
ဝယ်လင်တန်မြို့စားရုပ်တုကို လန်ဒန်မြို့အလယ် Hyde park ပန်းခြံ ဝယ်လင်တန်ဂိတ်တံခါးအနီး၌ တွေ့မြင် ရမည်ဖြစ်ပြီး ၎င်းဧရိယာသည်ကမ္ဘာလှည့်ခရီးသွား အများ အပြား လာရောက်လည်ပတ်သည့်နေရာလည်း ဖြစ်သည်။ ဗြိတိသျှသူရဲကောင်း ဝယ်လင်တန်မြို့စားကို ဂုဏ်ပြုသော အားဖြင့် စည်းရုံးလှုံ့ဆော်သည့်ဟန် ဇာတိမာန်ပေါ်လွင်စွာ ထုဆစ်ပြသထားပါသည်။ သူရဲကောင်းသည် ၎င်း၏စီးချင်း ထိုးသည့်မြင်း ကိုပင်ဟေဂင်ကိုစီးကာ မြင်းခွာများကို မြေပေါ်၌ချလျက် အခိုင်အမာတည်ဆောက်ထားသည်။ ၎င်းရုပ်တုကို ပန်းပုပညာရှင် Joseph Boehm က ကြေးဖြင့် ထုဆစ်ထားခဲ့ပြီး ၁၈၈၈ ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့သည်။ ရုပ်တုအောက်ခံခုံထောင့်တစ်ခုစီတွင် ဗြိတိန်စစ်သည်များ ဖြစ်ကြသော Grenadier, Scottish Highlander, Irish Dragoon နှင့် Welsh Fusilier တို့၏ ပုံများကိုထုဆစ်ထားပါ သည်။ ဝယ်လင်တန်မြို့စား၏ ညာဘက်လက်တွင် တယ်လီ စကုပ်ကိုင်ထားပြီး ရုပ်တုသည် လန်ဒန်မြို့ရှိ ဝယ်လင် တန်မြို့စား၏ နေအိမ် Apsley House ကို မျက်နှာမူထား ပါသည်။
ထိုသို့သောအနေအထားကို ရည်ရွယ်ထုဆစ်ထားခဲ့ ခြင်းမဟုတ်ဘဲ စီတန်းလှည့်လည်သွားလာသူတို့အတွက် လျှောက်လမ်းနေရာဖွင့်ပေးထားခဲ့ခြင်း ဖြစ်ပါသည်။ ဝယ်လင်တန်ကြေးရုပ်တုသည် ပန်းရောင်စကော့တလန် Aberdeenshire ရှိ Stirlinghill ကျောက်တွင်းမှ နှမ်းဖတ်ကျောက် (Peterhead granite)ဖြင့်ပြုလုပ်ထား သော ပန်းတည်ခုံပေါ်တွင်ထားရှိသည်။ မီးခိုးရောင် တရားဟောစင်သည် Rubislaw ကျောက်တွင်းမှ နှမ်းဖတ်ကျောက်(Aberdeen Granite)ဖြင့် တည်ဆောက် ခဲ့ပြီး ပြင်သစ်အမြောက်များမှ ရရှိသောကြေးဖြင့် ထုဆစ် ထားသည်။ ပန်းတည်ခုံ၏တစ်ဖက်တွင် ကြေးများဖြင့် Wellington ဟူသော စာသားထွင်းထုထားပြီး တစ်ဖက် တွင် 1769-1852 ဟူ၍ ထွင်းထုထားသည်။
၁၈၄၆ခုနှစ်က ဝယ်လင်တန်ဂိတ်တံခါးထိပ်ပေါ်တွင်ထားရှိခဲ့သော Mahhew Costes Wyatt ၏ ဝယ်လင်တန်မြို့စားမြင်းစီးရုပ်တုကို မုခ်ဦးထိပ်ပေါ်တွင် ကြီးမားလွန်းသဖြင့် ၁၈၈၂-၁၈၈၃ ခုနှစ်များတွင် ဖယ်ရှား ခဲ့ပြီး ယခုအခါ Hampshire ရှိ Aldershot Camp တွင် ထားရှိသည်။ ယနေ့မြင်တွေ့ရသောပန်းပုပညာရှိ Bohem ၏ ဝယ်လင်တန်မြို့စား မြင်းစီးသူရဲကောင်းရုပ်တုကို ဝယ်လင်တန်ဂိတ်တံခါးထိပ်ပေါ်မှ ဖယ်ရှားခဲ့သောရုပ်တု ဟု အများက ထင်မြင်ကြပါသည်။အချို့ကလည်း Hyde park ပန်းခြံမှ မီတာ ၁၅၀ အဝေးတွင်ရှိသော Wellington Monument၊ သူရဲကောင်းအာခီလီး(စ်) (Achilles) ရုပ်တုနှင့် ထင်မှားကြသည်။
၂၂။ လန်ဒန်ဘစ်ဘမ်နာရီစင် (London’s Big Ben)
လန်ဒန်မြို့၏အထင်ကရတစ်ခုဖြစ်၍ ကမ္ဘာလှည့် ခရီးသွားများကို အဓိကဆွဲဆောင်လျက်ရှိသောနေရာ တစ်ခုဖြစ်သည့် ဘစ်ဘမ်(Big Ben) နာရီစင်သည် ဗြိတိသျှပါလီမန်အဆောက်အအုံနှင့် တစ်ဆက်တည်း အယ်လီစဘတ်မျှော်စင် (Elizabeth Tower) တည်ရှိသည်။ ဘစ်ဘမ်သည် နည်းပညာပိုင်းအရ မျှော်စင်အတွင်းပိုင်း တွင် ထုထည်ကြီးမားသော ၁၃တန်ကျော် (ကီလို ၁၃၇၆၀) အလေးချိန်ရှိခေါင်းလောင်းကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။
ညအခါများ၌ နာရီကြီး၏လေးဘက် လေးတန်မျက်နှာပြင်များပေါ်တွင် ခမ်းနားကြီးကျယ်သော မီးရောင်များဖြာထွက်လျက် တွေ့မြင်ရပါသည်။ ၉၆ မီတာ အမြင့်ရှိသော အယ်လီစဘတ်မျှော်စင်တွင် ခုနစ်မီတာ အချင်းရှိသော နာရီမျက်နှာပြင်၊ ၄ ဒသမ ၂ မီတာရှည်၍ အလေးချိန် ၁၀၀ ကီလိုလေးသော မိနစ်တိုင်၊ စင်တီမီတာ ၆၀ အရှည်ရှိနံပါတ်များ၊ နာရီဒိုင်ခွက်တစ်ခုစီတွင်ရှိသော မှန်ချပ် ၃၁၂ ချပ် စသည်တို့ဖြင့် နာရီများကို အလှဆင် ပြုလုပ်ထားသည်။
၁၈၃၄ ခုနှစ်တွင် မီးလောင်ပျက်စီးခဲ့သော ဗြိတိသျှ ပါလီမန်အဆောက်အဦကို ၁၈၄၄ ခုနှစ်တွင် ပြန်လည် တည်ဆောက်ရာ၌ အဆိုပါဘစ်ဘမ်နာရီမျှော်စင်ကို ထည့်သွင်းတည်ဆောက်ခဲ့သည်။ သို့သော်မျှော်စင်တွင်း ရှိ ထုထည်ကြီးမားသောခေါင်းလောင်းကြီး ကျိုးပဲ့ ယိမ်းယိုင်လာ၍ ၁၈၅၈ ခုနှစ် Whitechapel အရပ်တွင် ပညာရှင် John Warner & Sons သံထည်အလုပ်ရုံက ကြိုးပမ်း၍ သံထည်များကို ပြန်လည်အရည်ဖျော်သွန်းလောင်းခဲ့ပါ သည်။ နာရီကြီးသည် ၁၈၅၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ခေါင်းလောင်းသံစတင်မြည်နိုင်ခဲ့ပြီးမကြာမီ ၁၈၅၉ခုနှစ် စက်တင်ဘာလတွင် ကျိုးပဲ့ခဲ့ပြန်၍ ပိုမိုပေါ့ပါးသော ခေါင်းလောင်းမောင်းတံ အစားထိုးပြန်လည်တပ်ဆင်ခဲ့ ပြီးနောက်ပိုင်း ခေါင်းလောင်းမှာ ပုံမှန်လည်ပတ်နိုင်ခဲ့ပြီးယနေ့ချိန်ခါအထိ နာရီမြည်သံကိုကြားနေရဆဲဖြစ်သည်။
ယနေ့ချိန်ခါတွင်၂၀၁၇ခုနှစ် ဩဂုတ်လမှစတင်၍မျှော်စင်နှင့်နာရီများကို ပြန်လည်ပြင်ဆင်ပြုပြင်နေသည် ဖြစ်၍ ပြုပြင်ချိန် သုံးနှစ်ကြာမြင့်မည်ဖြစ်ပါသည်။ နာရီ မျှော်စင်ကို ငြမ်းများကာဆိုင်းထားကာ နာရီလည်ပတ် လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားပြီး အမှတ်တရ အောက်မေ့ဖွယ်ရာ နေ့ကြီး၊ ရက်ကြီးများ၊ နှစ်သစ်ကူးရက် များမှလွဲ၍ နာရီထိုးခေါင်းလောင်းသံပိတ်ထားသည်။
၂၃။ ဘိုတီစီးယားဘုရင်မနှင့်၎င်း၏သမီးတော်များ ရုပ်တု (Boadicea and Her Daughters)
Westminster တံတားအနီးတွင် တည်ရှိသည့် ဘိုတီစီးယားဘုရင်မနှင့်၎င်း၏သမီးတော်များ ကြေး ရုပ်တုကို ဗြိတိန်ပါလီမန်အဆောက်အဦနှင့် နာရီစင် (Big Ben) ရှေ့သို့ မျက်နှာမူထားသည့်ပုံစံဖြင့် တွေ့မြင်ရ မည်ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံတွင် ရောမအင်ပါယာ အုပ်စိုးခဲ့စဉ်ကာလအတွင်း ဗြိတိန်နိုင်ငံအရှေ့ပိုင်းတွင် နေထိုင်သော Britons လူမျိုးစုခေါ် Celtic Iceni လူမျိုး များ၏ ဘုရင်မ ဘိုတီစီးယားနှင့် ၎င်း၏သမီးတော် နှစ်ပါး၏ပုံကို ဂုဏ်ပြုသောအားဖြင့် ကြေးသွန်းထားခြင်း ဖြစ်သည်။
Scythed Chariot ခေါ် ရှေးခေတ်တိုက်ပွဲများတွင် အသုံးပြုလေ့ရှိသည့် ရောမပုံစံရထားလုံး၏ ဘီးနှစ်ဖက် တွင် ချွန်ထက်သည့်ဓားသွားများ တပ်ဆင်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဘုရင်မ၏ ညာဘက်လက်ထဲတွင် လှံတံကိုကိုင်မြှောက်ထားပြီး ဘယ်ဘက်လက်သည် ရှေ့သို့ မြှောက်ထားလျက် စိန်ခေါ်မှုများကိုရင်ဆိုင်ရန် အသင့် အနေအထားဖြင့် ရဲရင့်စွာတိုက်ပွဲဝင်နေသည့် အသွင် သဏ္ဌာန်ကို တွေ့မြင်ရမည်ဖြစ်သည်။
၂၄။ Field Marshal ဝီလီယံစလင်း၏ ကြေးသွန်းရုပ်တု
(Field Marshal the Viscount Slim - Whitehall)
ဗြိတိသျှကြည်းတပ်၏ မြင့်မားသောရာထူးဖြစ်သည့် Field Marshal အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Field Marshal ဝီလီယံစလင်း၏ ကြေးသွန်းရုပ်တုကို Whitehall ရှိ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦအပြင်ဘက်တွင် တွေ့မြင်နိုင်သည်။ ၎င်းရုပ်တု၏ဘေးဘက်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း ထင်ရှားကျော်ကြားသည့် စစ်သေနာပတိ များဖြစ်သည့် Field Marshal Bernard Montgomery နှင့် Field Marshal Alan Brooke တို့၏ ရုပ်တုများကိုလည်း တွေ့မြင်နိုင်သည်။
Field Marshal ဝီလီယံစလင်းသည် ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) အတွင်း မြန်မာနိုင်ငံတွင် အမှတ် (၁၄) တပ်မကို ဦးဆောင်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ထင်ရှား ကျော်ကြားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဆိုးရွားသည့် အခြေအနေများကို ရင်ဆိုင်တွေ့ကြုံနေရသော်လည်း လက်တွေ့ကျသည့်တွေးခေါ်မှု၊ အမြော်အမြင်ကြီးမားမှု စသည့်အရည်အချင်းများကြောင့် အောင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။
ဝီလီယံစလင်းသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာ၌ ဗြိတိသျှမဟာမိတ်တပ်များ၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ၎င်း၏သားဖြစ်သူ Colonel The Viscount Slim (Sir John Slim) သည်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဖခင်ဖြစ်သူကဲ့သို့ မြန်မာပြည်စစ်မျက်နှာတွင် တပ်မှူးငယ် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဗြိတိန် နိုင်ငံ၌ ဖခင်ဖြစ်သူအား 1st Viscount Slim ဟုလည်းကောင်း၊ ၎င်းအား 2nd Viscount Slim ဟု လည်းကောင်း ခေါ်ဝေါ် ကြပါသည်။ ၎င်းသည် Burma Star Association ဟု ခေါ်ဆိုသည့် မြန်မာပြည်ရောက်ဗြိတိသျှစစ်ပြန်များအဖွဲ့၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာသံရုံး နှင့်ခင်မင်ရင်းနှီးသည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။ 2nd Viscount Slim သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
၂၅။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာနိုင်ငံမှ သေမင်းတမန် မီးရထားလမ်း အထိမ်းအမှတ်နေရာ
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Camden High Street တွင် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူတောင်ကြားလမ်းကိုဖြတ်၍ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) မြို့သို့ ဆက်သွယ်သည့် ရထားလမ်းဖောက်လုပ်ခဲ့ပါသည်။ ရထားလမ်းသည် မိုင် ၂၅ဝ ကျော် ရှည်လျားပြီး လမ်းခုလတ်မြစ်ကွေးတွင် တံတား တစ်ခုတည်ဆောက်ခဲ့ကာ ထိုင်း-စင်ကာပူရထားလမ်းပိုင်း နှင့် ဆက်သွယ်ရန်ဖြစ်သည်။
အဆိုပါရထားလမ်းကို မြန်မာတိုင်းရင်းသား အရပ်သားအလုပ်သမားတစ်သိန်း ရှစ်သောင်းမှ နှစ်သန်းငါးသောင်း၊ မဟာမိတ်စစ်သုံ့ပန်း ခြောက်သောင်းတစ်ထောင်အနက် အရပ်သားအလုပ် သမားကိုးသောင်းနှင့် မဟာမိတ်စစ်သုံ့ပန်း တစ်သောင်း နှစ်ထောင်သေဆုံးခဲ့သည့်အတွက် အထိမ်းအမှတ်အနေ ဖြင့် သေမင်းတမန်ရထားလမ်းဟု အမည်ခေါ်တွင် ခဲ့သည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Camden High Street ရှိ မြန်မာနိုင်ငံမှ သေမင်းတမန်မီးရထားလမ်းအထိမ်း အမှတ်နေရာကို ဗိသုကာပညာရှင် Chris Roche က တည်ဆောက်ခဲ့ပြီး ဗြိတိသျှဗိုလ်ချုပ်ကြီး Field Marshal Willan Joseph Slim (1st Viscount Slim) ၏သားဖြစ်သူ ဗိုလ်မှူးကြီး John Douglas Slim (2nd Viscount Slim)က၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဒီဇိုင်းပညာရှင် Ronald Searle က စစ်အတွင်းသုံ့ပန်း များ၏ဘဝကို ပုံဖော်ထားကြောင်း လေ့လာတွေ့ရှိရ မည်။
၂၆။ လန်ဒန်တာဝါ (Tower of London)
လန်ဒန်တာဝါကို ၁၀၆၆ ခုနှစ်နောက်ပိုင်းတွင် William the Conqueror က ပထမဦးဆုံး တည်ထောင်ခဲ့ ပါသည်။ ယင်းနောက်ပိုင်း၌ King Henry III ၊ Edward I တို့အပါအဝင် ဘုရင်၊ ဘုရင်မ အဆက်ဆက်က တိုးချဲ့ တည်ထောင်လာခဲ့ကြသည်။
လန်ဒန်တာဝါကို တော်ဝင်နန်းတော်၊ခံတပ်၊ လက်နက်တိုက်၊ချပ်ဝတ်တန်ဆာပြတိုက်၊ကျုံး၊ ဒင်္ဂါးတိုက်၊ ဘုရားရှိခိုးဝတ်ပြုရာနေရာ စသည့်ပြခန်း နေရာများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ယင်းနေရာကို အကျဉ်းထောင်အဖြစ်လည်း အသုံးပြု ခဲ့ဖူးပြီး ကွပ်မျက်မှု ၂၂ ခုပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။ ထို့ပြင် ဘုရင်၊ ဘုရင်မများ၏ နန်းတက်စဉ်ဝတ်ဆင်ခဲ့သည့် Crown jewels များ၊ အင်္ဂလိပ်မင်းဆက်များ၏ ချပ်ဝတ် တန်ဆာများ The Line of Kings၊ တော်ဝင်တိရစ္ဆာန် Royal Beast များနှင့် နိုင်ငံတကာမှပေးအပ်ခဲ့သည့် သံတမန်လက်ဆောင်များ စသည့်ပုံရိပ်များကိုလည်း မြင်တွေ့နိုင်သည်။
လန်ဒန်တာဝါအတွင်း၌ အင်္ဂလိပ်မင်း အဆက်ဆက်တည်ဆောက်အသုံးပြုခဲ့သည့် Wakefield Tower ၊ Byward Tower ၊ Lanthorn Tower ၊ White Tower ၊ Cradle Tower ၊ Beauchamp Tower ၊ Bloody Tower ၊ Salt Tower နှင့် Constable Tower စသည့် Tower ငယ်လေးများကိုလည်း တွေ့ရှိရပါသည်။ လန်ဒန်တာဝါကို တာဝါငါးခုနှင့်ခွဲပြီး (၁) Medieval Palace & Battlements ၊ (၂) Traitors’ Gate ၊ (၃) White Tower၊ (၄) Crown Jewels နှင့် (၅) The Fusiliers’ Museum စသည်တို့ကို လေ့လာနိုင် သည်။
(ဆက်လက်ဖော်ပြပါမည်)
ကြေးမုံ


