ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြား

 

နေပြည်တော် အောက်တိုဘာ ၂၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
 

 

မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင် တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွား လမ်းဖောက်လုပ်နေမှု

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် နေပြည်တော် မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တည်ဆောက်နေမှုနှင့် ပျဉ်းမနား- တောင်ညို ၈ လမ်းသွား လမ်းဖောက်လုပ်နေမှု လုပ်ငန်းခွင်နေရာသို့ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများ ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အထိမ်းအမှတ် ရုပ်တုများကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ရေး ဒီဇိုင်းရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်အလိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးဒဏ်မှ ခံနိုင်ရည်ရှိစေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်မှုအရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးရန် တာဝန်ရှိသူများအနေဖြင့်လည်း အဆင့်လိုက် စနစ်တကျဖြစ်စေရေး စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ 

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

နေပြည်တော်မြို့အဝင်မုခ်ဦးတည်ဆောက်ရန် လျာထားနေရာ

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ ရာဇသင်္ဂဟလမ်းပေါ်၌ နေပြည်တော်မြို့အဝင် မုခ်ဦးတည်ဆောက်ရန် လျာထားနေရာသို့ရောက်ရှိကြပြီး မြို့အဝင်မုခ်ဦး တည်ဆောက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ရာဇသင်္ဂဟလမ်းမကြီးမှ နေပြည်တော်လေဆိပ်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် နေပြည်တော်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပမှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဗိုလ်ရှုခံစင်မြင့်

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗိုလ်ရှုခံစင်မြင့်နေရာသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအား ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဗိုလ်ရှုခံစင်မြင့်နှင့် စင်မြင့်မျက်နှာစာနေရာတို့အား အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆန်းစစ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

လွှတ်တော်ဝင်းအတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝင်းအတွင်းရှိ အဆောက်အအုံများအား ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် လွှတ်တော်အဝင် အမှတ် (၁) တံတားနေရာသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငလျင်ဘေးဒဏ်ကြောင့် တံတားထိခိုက်ပျက်စီးမှုနှင့် ရွေ့လျားမှုများဖြစ်ပေါ်ခဲ့ခြင်းအား ပြန်လည်ပြုပြင်ရာ၌ တံတားတစ်စင်းတွင် ခန်းဖွင့် ၅ ခုပါဝင်ပြီး ခန်းဖွင့် ၁ ခုလျှင် အလေးချိန် ၁၅၀၀ တန်ခန့်ရှိသဖြင့် တံတားတစ်စင်းလုံး စုစုပေါင်းအလေးချိန် ၇၅၀၀ တန်ခန့်အား 3 D Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့်ပင့်တင်၍ ပြုပြင်ခဲ့သည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လွှတ်တော်အဝင်အမှတ် (၁) တံတားနှင့် မုခ်ဦးဆောင်ပြုပြင်ပြီးစီးမှု၊ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံပြုပြင်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော် အဆောက်အအုံခန်းမအတွင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လွှတ်တော်ဝင်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဆောက်အအုံတို့အပါအဝင် အခြားအထောက်အကူပြု အဆောက်အအုံများ၊ လမ်းတံတားများ၊ ခြံစည်းရိုးနှင့် မြေထိန်းနံရံများ ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများ၊ ဦးစားပေးအဆင့် သတ်မှတ်ချက်များအလိုက် ပြုပြင်ဆောင်ရွက်လျက် ရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အမြင်အားဖြင့် ကောင်းမွန်ရုံမဟုတ်ဘဲ ခိုင်ခိုင်ခံ့ခံ့ဖြစ်စေရေး ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်မှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း စနစ်တကျဖြင့် မှတ်တမ်းထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

လှည့်လည်ကြည့်ရှုစစ်ဆေး

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော်ဝင်းအတွင်း အဆောက်အအုံများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်