ထွန်းသစ်စ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ကမ္ဘာ့သေဆုံးမှုနှုန်းဟာ တစ်သန်းရဲ့ လေးပုံတစ်ပုံ မြင့်တက်လာခဲ့သလို နိုင်ငံတကာအဆင့် ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ လိုအပ်နေတယ်လို့ ပြောကြားမှုနဲ့အတူ နောက်ထပ်သေဆုံးမှုနှုန်းမြင့်တက်လာနိုင်သေးတယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပါတယ်။ အနောက်ကမ္ဘာမှာ ရက်သတ္တပတ်အတော်ကြာ ကန့်သတ်မှုတွေ နိုးထလွန်မြောက်လာပြီးတဲ့အခါမှာ အခုလို အမေရိကန်ပြည်ထောင်စုရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ခန့်မှန်းချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ဥရောပမှာ နောက်တစ်ခါထပ်မံမြင့်တက်လာနိုင်ခြေရှိပါတယ်။ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့အဆိုးရွားဆုံး အထိနာခဲ့တဲ့ နိုင်ငံတွေရှိသလို နှစ်လနီးပါးလောက် အသွားအလာကန့်သတ်မှုတွေပြုလုပ်ပြီးနောက်မှာတော့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာခဲ့တာကိုလည်း တွေ့ရပါတယ်။
မတူညီတဲ့ မျိုးကွဲတွေအဖြစ် ပြောင်းလဲကုန်
အေအက်ဖ်ပီရဲ့ စာရင်းတွေအရ ဥရောပဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့တိုက်ကြီးဖြစ်ပြီး ၁၄၅၀၀၀ လောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ သေဆုံးမှုနှုန်းဟာ ၆၈၇၀၀ လောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ခုပေါင်းလိုက်ရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့သေဆုံးမှုနှုန်း ၈၅ ရာခိုင်နှုန်းထက် ပိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့နှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်ရင်ဆိုင်ခဲ့ချိန်မှစပြီး စုစုပေါင်း ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ ၃ ဒသမ ၆ သန်း နီးနီးရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကိုဗစ်-၁၉ ကူးစက် ခံရမှုနှုန်းဟာ ဇွန် ၁ ရက်အထိဆိုရင် ရှစ်ဆလောက်ထိ မြင့်တက်လာပြီး သေဆုံးမှုနှုန်းဟာလည်း နောက်ထပ် ၃၀၀၀ လောက်အထိ ရောက်ရှိလာ နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ကြိုးစားနေတဲ့အချိန်မှာ အိမ်ဖြူတော်ကလည်း တရုတ်နိုင်ငံအပေါ် အမြင် မကြည်ဖြစ်နေပါတယ်။ အစိုးရအကြံပေးလည်းဖြစ်၊ အမေရိကန် ကူးစက် ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ပညာရှင် အန်တိုနီဖော်စီက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး အချိန်ကာလကြာမြင့်တဲ့ဆင့်ကဲပြောင်းလဲ မှုဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒါကဘာကိုညွှန်ပြသလဲဆိုရင် ဗိုင်းရပ်စ်ဟာ သဘာ၀အတိုင်းဖြစ်လာပြီး မတူညီတဲ့မျိုးကွဲတွေအဖြစ် ပြောင်းလဲကုန်တယ်လို့ ပြောပါတယ်။
ကယ်ဆယ်ရေးအစီအစဉ်တွေမှာသုံးဖို့ ထုတ်ချေးမယ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းဟာ သူယခင်က ခန့်မှန်းထားတဲ့ ၆၀၀၀၀ ထက်ကို ပိုလာနိုင်တယ်လို့ ပြောပါတယ်။ ပြီးတော့လည်း မိမိတို့တွေအနေနဲ့ ၁၀၀၀၀၀ နီးနီးလောက်အထိ ဆုံးရှုံးနိုင်တယ်လို့သူက ပြောပါတယ်။ သူ့ရဲ့ ခန့်မှန်းမှုဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်တယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြသလိုဖြစ်ခဲ့ပါတယ်။ ထို့အတူပဲ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ကလည်း နိုင်ငံရေး နဲ့ရောထွေးပြီး ငြင်းခုံဆွေးနွေးနေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ စက်မှုလုပ်ငန်းတွေကိုလည်း အတုံးအရုံး ပြိုလဲစေတဲ့အတွက် မေ ၄ ရက်ကပဲ အမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဂျင်နရယ်အီလက်ထရစ်က သူ့ရဲ့ လေယာဉ်ထုတ်လုပ်မှုကဏ္ဍမှာ အလုပ်သမား ၁၀၀၀၀ လျှော့ချလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးတွေကျဆင်းနေတဲ့အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဧပြီလကနေ ဇွန်လအထိ ဗိုင်းရပ်စ်ကယ်ဆယ်ရေးအစီအစဉ်တွေမှာ သုံးဖို့ အမေရိကန်ဒေါ်လာ သုံးထရီလီယံ ထုတ်ချေးမယ်လို့ ကြေညာခဲ့ပါတယ်။
ပြန်ဖွင့်ပေးနေပြီ
ဥရောပပြည်သူတွေလည်း ရှေ့ရေးတွေအတွက် စိတ်မအေးဖြစ်ကာ အသွား အလာကန့်သတ်ချုပ်ချယ်မှုတွေကြောင့် စီးပွားရေးတွေလည်း ဖရိုဖရဲဖြစ် ကုန်ပါတယ်။ ဗီယင်နာမှာတော့ ကလေးတွေ ကျောင်းတွေပြန်သွားနေကြပါပြီ။ ဥရောပမှာ အသွားအလာကန့်သတ်မှုတွေ တဖြည်းဖြည်းဖြေလျှော့ပေးနေ မှုနဲ့အတူ ပြည်သူတွေကလည်း မဝံ့မရဲလေးနဲ့ အိမ်ပြင်ကို ထွက်နေကြပါတယ်။ မိမိတို့အားလုံး ကြောက်တာပေါ့လို့ မက်ဒရစ်ဒေသခံ အသက် ၃၁ နှစ်ရှိ နှာခေါင်းစည်းတပ်ထားတဲ့ ခရစ်စတီနာ ဂျင်မနက်ဇ်က ပြောပါတယ်။
အလုပ်ဆုံးရှုံးတဲ့လူတွေအနေနဲ့ နောက်ထပ်လအနည်းငယ်တောင် အလုပ် အကိုင်တွေ ရနိုင်မယ့်အခြေအနေမရှိသေးကြောင်း ခရစ်စတီနာ ဂျင်မနက်ဇ်က ပြောပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ မိမိတို့အားလုံး ကျန်းမာနေ ဖို့လိုတယ်လို့ သူကဆက်ပြောပါတယ်။ အလုပ်ကြိုးစားတယ်ဆိုရင်တော့ နောက်တစ်ခုကိုတော့ ရှာတွေ့နိုင်မှာပါလို့ သူက ဆက်ပြောပါတယ်။
အသွားအလာကန့်သတ်မှုတွေကို လျှော့ချမှုနဲ့အတူ စပိန်နဲ့ ပေါ်တူဂီရဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ နှာခေါင်းစည်း တပ်ဆင်ဖို့ ဥပဒေလိုမျိုးတောင်ပြဋ္ဌာန်းဖို့ လုပ်နေကြပါတယ်။ ထို့အတူ ဆလိုဗေးနီးယား၊ ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံတွေမှာလည်း ပြည်သူ့အပန်းဖြေနေရာ တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ပိုင်းတစ်စ ပြန်ဖွင့်ပေးနေပြီဖြစ်ပါတယ်။
အလှအပတွေမျှဝေကြမယ်
ဒါပေမယ့် တစ်နေ့တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁၀၀၀၀ ကျော် လာတဲ့ ရုရှားလိုမျိုး ရောဂါကူးစက်မှု အရှိန်တွေရှိနေသေးတဲ့ ကျန်ရှိနေတဲ့ ကမ္ဘာ့ဒေသအစိတ်အပိုင်းတွေမှာ အသွားအလာကန့်သတ်မှုကို ဖြေလျှော့ပေးမှု အပေါ် သတိထားနေရတာမျိုးလည်း ရှိပါသေးတယ်။
အိန္ဒိယနိုင်ငံမှသည် နိုင်ဂျီးရီးယားလိုနိုင်ငံမျိုးများမှာတော့ စီးပွားရေး လုပ်ငန်းတွေ အဆင်ပြေစေဖို့နဲ့ အလုပ်သမားတွေ လုပ်ခတွေရဖို့ အသွားအလာ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့လုပ်ဆောင်နေပြီဖြစ်ပါတယ်။
အာဖရိကရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့လာဂို့စ်မှာ ရက်သတ္တငါးပတ်ကြာ ကိုရိုနာဗိုင်းရပ်စ် အသွားအလာကန့်သတ်မှုများ ပြုလုပ်ပြီးတဲ့အချိန်မှာတော့ အလုပ်တွေကို ပြန်ဆင်းနေကြပြီဖြစ်ပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်အသွားအလာကန့်သတ်ထိန်းချုပ်မှုကို ဖယ်ရှားပေး လိုက်ပြီးနောက် ဆိုင်တစ်ဆိုင်ရှေ့မှာ စုပြုံဝယ်ယူနေသူတွေကို ရဲတွေက လာရောက်ထိန်းသိမ်းရတဲ့အထိ ဖြစ်လာပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျောထောက်နောက်ခံပြုထားတဲ့ အလှူငွေ ရရန် ထုတ်လွှင့်တဲ့ အထူးတီဗွီအစီအစဉ်တစ်ခုကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်ဖို့ နိုင်ငံတကာရဲ့ကြိုးပမ်းမှုကို ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံရရှိထားပါတယ်။ ကာကွယ်ဆေး ဖော်ထုတ်ဖို့ ဥရောပအင်အားကြီးခေါင်းဆောင်တွေအပြင် ဂျပန်နိုင်ငံ၊ ကနေဒါ နိုင်ငံတို့ကလည်း အများအပြား ထည့်ဝင်မှုတွေ ပြုလုပ်မယ်လို့ ကတိပြုထား သလို ဘီလ်နဲ့ မယ်လင်ဒါဂိတ်တို့က လည်း အားကျမခံထည့်ဝင်လှူဒါန်းကြမှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့ စုပေါင်းညီညွတ်မှုပဲဖြစ်ပါတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ရို့စ်အက်ဒ်ဟာနွန်က ပြောပါတယ်။ အမေရိကန်ကလည်း ကိုဗစ်ကာကွယ်ဆေးဖော်ထုတ်တဲ့နေရာမှာ ဦးဆောင် အခန်းကဏ္ဍက ပါဝင်မယ်လို့ ကြေညာလိုက်သလို ကာကွယ်ဆေးဖော်ဖို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို အသုံးပြုပြီး အမေရိကန်ဆေး ကုမ္ပဏီတွေနဲ့အတူ ကြိုးစားမယ်လို့ဆိုထားပါတယ်။ ကမ္ဘာကြီးဟာ အရေးကြုံရင် သက်လုံကောင်းသလို အလှအပတွေ ကိုလည်း မျှဝေကြမယ်လို့ မီချီဂန်တရားသူကြီး ဝမ်ဒါအီဗန်က ပြောလိုက်ပါတယ်။ ။
ကိုးကား-အေအက်ဖ်ပီ


