အမာ  ၁၄   မတ် 

 


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု ဗန္ဓာပင်ခါးပြတ်ကျေးရွာ ပင်လယ်ကမ်းစပ်သောင်တွင် ကျေးရွာများ ပင်လယ်ဒီရေတက်ပြီး ရေလှိုင်းဂယက် ရိုက်ခတ်မှု့ကြောင့် ပျက်စီးမည့်အန္တရာယ်ကို ကာကွယ်သည့်အနေဖြင့် မတ် ၉ ရက် မနက်ပိုင်းမှစတင်ပြီး ဒီရေနှင့်ဂယက် ကာကွယ်သည့် တာကို ကိုယ့်အားကိုယ်ကိုးပြီး စုပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

 


နှစ်စဉ်ပင်လယ်ဒီရေတက်ပြီး ဂယက်ကြောင့် ပင်လယ်ကမ်းစပ်နေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပေါ်ကာ ဒုက္ခရောက်ကြကြောင်း သိရသည်။ ကျေးရွာရေလုပ်ငန်းရှင်များ စုပေါင်းကာ (၂၀ဝ၉-၂၀၁၀) နှင့် (၂၀၁၅-၂၀၁၆) ခုနှစ်က ပထမအကြိမ်အဖြစ် အချင်းလေးပေရှိ ကွန်ကရစ်ခွေ ၅၅၆ ခွေ စိုက်ထူပြီး ပေ ၂၂၂၄ အရှည်ထိ ကာကွယ်ထားသော်လည်း ၂၀၁၈ ခုနှစ် သြဂုတ်လ ပင်လယ်ဒီရေတက်ပြီးနောက် ပေ ၆၀ဝ ကျော် ပျက်စီးကာ ကျန်ခွေများ သဲဖုံးခဲ့သည်။

 

dd

 

ယခုဒုတိယအကြိမ်တွင် ပေ (၄၇၀ဝ) အရှည်ထိ ထန်းသားခွဲကြမ်းများ စိုက်ထူကာကွယ်သွားရန် လုပ်ဆောင်နေကြောင်း သိရသည်။ “ကျွန်တော်တို့ရေလုပ်ငန်းရှင်များအသင်းနဲ့ အခြားလှူဒါန်းသူများ ကျေးရွာပြည်သူများ စုပေါင်းပြီး ပေ ၄၇၀ဝ အရှည်တာကို လုပ်ဆောင်နေတာပါ။ ဒီတစ်ခါတော့ ထန်းသားကိုလေး စိတ်ထားတဲ့ ခွဲခြမ်းအရှည်တွေနဲ့ တိုင်စိတ်စိတ်စိုက်ပြီး ကာကွယ်သွားမှာပါ။ ကုန်ကျငွေကတော့ သိန်းလေးရာလောက် ကုန်မှာဖြစ်ပါတယ်” လို့ ခါးပြတ်ရေလုပ်ငန်းရှင် အတွင်းရေးမှူး ဦးဇော်လင်းထွန်းက ပြောပြသည်။ 

 


ပင်လယ်ကမ်းစပ်ကျေးရွာများ ပင်လယ်ဒီရေတက်လာပါက ဂယက်ရိုက်ပြီး လူနေအိမ်များ ပြိုကျပျက်စီးမှု နှစ်စဉ်ဖြစ်ပေါ်နေသောကြောင့် ယခုလို ဒီရေတားတာများ လုပ်ဆောင်ထားသင့်ကြောင်း ယခင်နှစ်က ပင်လယ်ကမ်းစပ်မှာ နေထိုင်တဲ့ နေအိမ်တော်တော်များများ ပြိုကျပျက်စီးကုန်လို့ မိသားစုများ အတိဒုက္ခရောက်ကြရကြောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။

 


ဝင်းမြင့်အောင်(ပြန်/ဆက်)