၁၈ နိုဝင်ဘာ
အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ဒီရေမြင့်တက်မှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဗင်းနစ်မြို့တော်ဝန် လူဂီ ဘရက်နာရို က ဆိုသည်။
အီတလီနိုင်ငံ မြောက်ပိုင်းမြို့တော်သည် ပြီးခဲ့သည့် အင်္ဂါနေ့နောက်ပိုင်း ရက်ပေါင်းများစွာကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဒီရေ ၁၈၇ စင်တီမီတာထိ ရေလွှမ်းမိုးခဲ့ပြီး ရာစုနှစ်ဝက် တစ်ခုတွင် အမြင့်ဆုံး ဖြစ်သည်။
ထိုမြို့တွင် တနင်္ဂနွေနေ့က ဒီရေ ၁၅၀ စင်တီမီတာ မြင့်တက်ခဲ့သည်။
ဗင်းနစ်မြို့သည် ၁၈၇၂ ခုနှစ်ကတည်းက စတင်ခဲ့သော မှတ်တမ်းများအရ ရေမြင့်တက်မှု အပြင်းထန်ဆုံး သီတင်းပတ်အဖြစ် ထိခိုက်နစ်နာခဲ့သည်ဟု မီဒီယာက ဆိုသည်။
ဒီရေမြင့်တက်မှုကြောင့် ကျော်ကြားသော စိန့်မာ့ခ်ရင်ပြင် အပါအဝင် ဗင်းနစ်မြို့၏ ၈၅ ရာခိုင်နှုန်းသည် ရေအောက်ရောက်ခဲ့သည်။
ဝန်ကြီးချုပ် Giuseppe Conte က ပြီးခဲ့သည့် ကြာသပတေးနေ့က နိုင်ငံတစ်ခု၏ အရေးပေါ် အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဒီရေ မြင့်တက်မှုကြောင့် ဗင်းနစ်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း ၅၀ ကျော် ပျက်စီးခဲ့ကြောင်းနှင့် ယင်းမြို့ကို ပြန်လည် ထူထောင်ရန် ကုန်ကျစရိတ် ကြီးမားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး Dario Franceschini ပြောကြားချက်အရ သိရသည်။
စိန့်မာ့ခ်ရင်ပြင်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပိတ်ခဲ့ပြီး ထိုမြို့တွင်းရှိ ဈေးဆိုင်များစွာမှာ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


