စစ်ကိုင်း ၁၅ မတ်
စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးတိုက်နယ်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းတွင် မြန်မာ့သင်္ကြန်ပွဲတော်ကာလ နီးပြီဖြစ်သော်လည်း အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းရနေကြောင်း ဘော်ဂါကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင် အဖွဲ့မှသိရသည်။
ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းတွင် ပြီးခဲ့သည့်နှစ် မြန်မာသင်္ကြန်ပွဲတော်ကာလအနီးနှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည့်အပြင် ရောင်းချသည့် သူများလည်း ဈေးကောင်းရနေကြောင်း ဘော်ဂါကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအာင်စိုးမိုးက ပြောပြ၍ သိရသည်။
''အခုက သင်္ကြန်နားနီးပေမယ့် အရောင်းအဝယ်ကောင်းတယ်။ တရုတ်ကုန်သည် ၈၀ လောက်ရှိတယ်။မနှစ်က ဒီလိုအချိန်ဆို အရောင်းအဝယ်တွေ မဖြစ်တော့ဘူး။ ခုက အရောင်းအဝယ်ဖြစ်တဲ့ အပြင် ဈေးကောင်းရနေတယ်။ မနှစ်က ဒီလိုအချိန် ခုနှစ် ဆိုက် တစ်လုံး ငွေကျပ် ၇၀ဝ လောက်ရတဲ့ ကျောက်က ဒီနှစ် ၁၀ဝ၀ လောက်ရတယ်။ ခုနှစ် ဆိုက်ကိုပဲ ၁၀ဝ၀ လောက်ရတဲ့ ကျောက်က ငွေကျပ် ၁၂၀ဝ လောက်ရကြတယ်။ ၂၀ ရာခိုင်နှုန်း ဈေးပိုရကြတယ်"ဟု ၎င်းကဆက်လက် ပြောပြသည်။
စစ်ကိုင်းမြို့၊ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်တွင် နံနက် ၆ နာရီမှ နံနက် ၉ နာရီ အထိ ရောင်ဝယ်ကြပြီး ကျောက်စိမ်း အသားကျောက်များဖြင့် ပုတီးလုံးလေးများကို ငါးဆိုက်မှ ၁၈ ဆိုက် မီလီမီတာ (ကြိုးပေါက်မပါ) စသည့် အရွယ်အစား ခုနစ်မျိုးခန့်ပြုလုပ်ကာ တစ်လုံးလျှင် ငွေကျပ် ၁၀ဝ မှစ၍ အစားစားရောင်းချလျှက်ရှိကြောင်း ဘော်ဂါကျောက်စိမ်း ပုတီးဝိုင်းမှ ကျောက်ကုန်သည်များထံမှ သိရသည်။
အဆိုပါ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကို ၂၀ဝ၂ ခုနှစ်-၂၀၁၃ ခုနှစ်က စတင်ခဲ့ပြီး ၂၀ဝ၇ ခုနှစ်တွင် ကျောက်စိမ်းပုတီးဈေးတွင် လုပ်ကိုင်သူ ဦးရေ နေ့စဉ် ၁၀ဝ၀ ဝန်းကျင်းခန့် ရှိခဲ့ရာမှ လက်ရှိတွင် လုပ်ကိုင်သူ ဦး ရေမှာ ၂၀ဝ ဝန်းကျင်းသာ ရှိတော့ကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ကျောက်စိမ်းပုတီးပြုလုပ်သူ များအနေဖြင့် ကျောက်ပုတီး ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်း ဖြစ်သော ကျောက်ကုန်ကြမ်းရှားပါးလာခြင်း၊တရုတ်ဝယ်လက် ပုံမှန်မလာရောက်၍ အရောင်းအဝယ် အေးနေခြင်း၊ဝယ်ယူရာတွင် ဈေးနှိမ်ဝယ်ယူခြင်း စသည်တို့ကြောင့် ကျောက်စိမ်းပုတီးလုပ်ကိုင်နေသူ တချို့မှာ ယခင်လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်သွားကြကြောင်း ဘော်ဂါကျောက်စိမ်းပုတီးဝိုင်း အကျိုးတော်ဆောင် အဖွဲ့ထံမှ သိရသည်။
ကိုမင်း(အင်းတော်)


