မုံရွာ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီကျောင်းတိုက် သီတဂူသန္နိပါတဘွဲ့နှင်း သဘင်အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ ဓမ္မသေနာပတိ သောဠသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရ ဋ္ဌဂုရု သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများနှင့် အလှူရှင်များက သတ်မှတ်နေရာများ၌ အုတ်မြစ်စီမင်္ဂလာ ပြုလုပ်ကြကာ အမွှေးနံ့သာများ ပက်ဖျန်းကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာကြုတ်များအား အုပ်မြစ်တော် အလယ်ဗဟိုရှိ သတ်မှတ်နေရာများတွင် အုတ်မြစ်စီ မင်္ဂလာပြုလုပ်ကြပြီး သီတဂူဆရာတော်ကြီးနှင့်အတူ အမွှေးနံ့သာများ ပက်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရတနာစေတီဆင် များရှင်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ဉာဏ်တော် ၁၀၈ ပေ မဟိယင်္ဂဏစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် အလှူငွေကျပ်သိန်းတစ်ထောင်နှင့် ရတနာထွဠ်ခေါင် စေတီတော်အတွက် ငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို တင်လှူပူဇော်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော် စေတီတော်မြတ်ကြီး ပြုပြင်နေမှု၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံမှုလုပ်ငန်းများဆောင်ရွက်နေမှု၊ သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြင်ဆင်တည်ဆောက်ပြီးစီးမှု၊ စစ်ကိုင်းမြို့ မဟာမင်္ဂလာစေတီတော်ကြီး ပြန်လည်ပြုပြင် တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


