ဆူးဌက်

 

 

တကယ်တော့ မန္တလေးနှင့် မဝေးသော စစ်ကိုင်းတောင်သို့ လူပျိုပေါက်အရွယ်ရောက်မှသာ ပထမဦးဆုံးရောက်ဖူးခဲ့ခြင်းဖြစ်သည်။ ရောက်ဖူးစဉ်ကာလ မှတ်မိနေတာက တောင်ခြေအစကနီကွေ့အတက် မဟာဂန္ဓာရုံချောင်၏

အစွန်ရှိ ကမ္မဋ္ဌာန်းကျောင်းလေးတစ်ကျောင်းတွင် တည်းခိုရတော့၊ ထိုကမ္မဋ္ဌာန်းကျောင်းလေးက ဆွမ်းဦး ပုညရှင်စေတီအတက် ခြင်္သေ့တစ်ကောင်စောင်းတန်းနှင့် နီးကပ်နေသည်။ ကထိန်ပွဲနှင့်လိုက်ပါလာသောလူကြီး

တွေက အထုပ်အပိုးချပြီးသည်နှင့် ဝေယျာဝစ္စအလုပ်တွေ ကပေါ်လာတော့သည်။ လှူဖွယ်ပစ္စည်းတွေပြင်ဆင်ရမည်။ ချက်ဖို့ပြုတ်ဖို့ ဈေးဝယ်ရမည်။ မီးဖိုကိစ္စစီစဉ်ရမည်။ အိုအလုပ်တွေကမနားနိုင်တော့ ...၊ ပြောကြ၊ ဆိုကြ၊ အော်ကြ၊ ဟစ်ကြနှင့် ပျားပန်းခတ်ဇယ်စက်သလိုလုပ်ကိုင် နေကြတော့ ကျွန်တော့အတွက် နေရာမရှိ ...။

 

ခြင်္သေ့တစ်ကောင်စောင်းတန်းလေးဆီ

အလုပ်ရှုပ်ပြေးလွှားနေကြရသော လူကြီးနောက်

တကောက်ကောက် လိုက်နေလို့လည်းမဖြစ် ...။

သည်တော့လည်း ဘာသိဘာသာ ဟိုနားရပ်လိုက်၊ သည်နားထိုင်လိုက်၊ ဟိုရေကန်ငုံ့ကြည့်လိုက်၊ ဒီသစ်ပင် မော့ကြည့်လိုက်ပဲပေါ့ ...။ နောက်တော့ နေရာတစ်နေရာမှာ ဣန္ဒြေရသွားသည်။ ဒါကတည်းခိုသည့် ကမ္မဋ္ဌာန်းကျောင်း လေးကအထက်ဘက်ရှိ ခြင်္သေ့တစ်ကောင်စောင်းတန်းလေးဆီသွားကာအုတ်ခုံလေးပေါ်ထိုင်ရင်း စောင်းတန်း တစ်လျှောက်က တက်ချည်၊ ဆင်းချည်ဘုရားဖူးတွေကိုထိုင်ကြည့်နေရုံပဲပေါ့။ ထိုစဉ် ထိုကာလ တန်ဆောင်မုန်း လရာသီက မန္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ပေါ်

ရွေ့လာလေသလား ထင်မှတ်မှားရလောက်အောင် စည်ကားသည်။ တန်ဆောင်မုန်းလဆန်း ၁၃ ရက်ဆိုတော့ ဧည့်တွေလည်းသွင်သွင်ကျလာပြီပေါ့။ နောက်ရက် အဖိတ် နေ့မှာလည်း ပိုမိုစည်ကားဦးမည်။ လပြည့်နေ့ညနေရောက် မှ ဖြည်းဖြည်းချင်း ပြန်လျော့သွားသည့် အစဉ်အလာဖြစ် ၏။

 

အပေါ်မှာ မင်္ဂလာအေးစေတီ

ခြင်္သေ့တစ်ကောင်စောင်းတန်း၏ အုတ်ခုံလေးပေါ်မှာ ထိုင်ရင်း ဘုရားဖူးတွေကိုငေးကာ အတွေးတွေသီရတာ အရသာရှိလှသည်။ လွတ်လပ်အေးချမ်းလှသည်။ တက်လာသော ဘုရားဖူးတွေကို ကြည့်ရင်း မန္တလေးဘယ်အရပ်၊ ဘယ်ဝင်းကဖြစ်မလဲဆိုတာ ခန့်မှန်း ရတာလည်း ပျော်စရာကောင်းလှသည်။ သူတို့အပြော အဆို သူတို့စကားတွေထဲမှာပင် သူတို့လိပ်စာတွေကပါလာ တတ်သေး၏။ အုတ်ခုံလေးမှာထိုင်ရင်းအတော်ကြာလာလို့ပျင်းလာတော့ သူတို့နှင့်အတူ အပေါ်သို့တက်လိုက် သွားဖြစ်၏။ အပေါ်မှာမင်္ဂလာအေးစေတီရှိသည်။ စေတီ၏ ဂန္ဓကုဋီတိုက်ကအတွင်းပိုင်းတစ်ခုလုံး လက်ရာမြောက် မှန်စီရွှေချတွေအပြည့် စီထားသည်။ အတွင်းမှာ အရွယ် အလတ်လူငယ်တစ်စုက ယောဂီဝတ်စုံများနှင့် ဘုရား ပန်းတွေလဲနေကြသည်။ ဗုဒ္ဓဝေယျာဝစ္စတွေ ဆောင်ရွက် နေကြသည်။ ကျွန်တော်က ဘုရားပရိဝုဏ်ဘေး တရုတ် စကားပင်အောက် ...၊ တစ်ပွင့်ချင်းကြွေကျနေသော တရုတ် စကားပွင့်ခပ်လတ်လတ်တွေကိုကောက်ရင်း လွတ်လပ် အေးချမ်းခြင်း၏ သဘာဝကို နှစ်ခြိုက်နေမိသည်။ ထိုနေရာလေးက တော်တော်နှင့် မပြန်မိ ...။ စေတီလေးရင်ပြင်မှာဆောင်းဦးပေါက်လေကသွေးသည်။ တရုတ် စကားပွင့်တို့ ရနံ့သင်းသင်းကမွှေးသည်။ ထိုအထိ အတွေ့ မြင်ကွင်းနှင့် ရနံ့ကနင့်နင့်နဲနဲခံစားလိုက်ရ၏။ ထိုနေ့က ညနေမှောင်ရီပျိုးကာမှ စေတီလေးရင်ပြင်ကပြန်ခဲ့သည်။ စောင်းတန်းကဆင်း ကမ္မဋ္ဌာန်းကျောင်းလေးဆီမရောက်မီ တရုတ်စကားပင်တန်းအောက်မှာ တစ်ခဏမျှခိုနေမိ

သေး ....။ မွှေးမြအေးချမ်းလိုက်ပုံလေ။

 

တရုတ်စကားပင်တန်းတစ်တန်း

လူကြီးတွေကညနေစာစားဖို့ မျှော်လို့ ...။

နောက်နေ့ လပြည့်အဖိတ်မှာတော့ ခြင်္သေ့တစ်ကောင် စောင်းတန်းမှာလူပိုစည်လာသည်။ စောင်းတန်းတစ် လျှောက် ကြိတ်ကြိတ်တိုးနေတော့၏။ သည်အထဲ ရေခဲ ချောင်း၊ ရေခဲမုန့်သည်၏ ကလိုင်သံကအဆက်မပြတ်

တော့ ...။ မင်္ဂလာအေးစေတီ၏ ဘုရားပုရိဝုဏ်မှာ ပိုမို ကျပ်ညပ် နေသည်။ မနေ့ကလို တရုတ်စကားပင်အောက်က တရုတ် စကားပွင့်ရနံ့သင်းသင်းနှင့် အေးချမ်းခြင်းရသကို စွဲမက် ဖွယ်ခံစားချင်နေသေးသည်။ ထို့ကြောင့် ကထိန် တရားနာပြီးတာနှင့် မဟာဂန္ဓာရုံချောင်၏ အနီးအနား ဝန်းကျင်ကို တစ်ယောက်တည်း ခြေဆန့်မိပြန်၏။ လူကြီးတွေက “မနေ့ကလိုမိုးချုပ်မနေနဲ့နော်” ဟု မှာလိုက် သေးသည်။ ချောင်၏အနောက်ဘက် ကျောင်းတစ်ကျောင်း ဘေးက အုတ်လမ်းလေးအတိုင်း ဘယ်ဆီရောက်မည်

မှန်းမသိဘဲသွားမိသည်။ အုတ်လမ်းလေးကကွေ့ဝိုက်ပြီး ဘုန်းကြီးကျောင်းတိုက်တစ်တိုက်ဆီသို့ ဦးတည်သည်။ ကံကောင်း လေသည်လားမသိ၊ ကွေ့ဝိုက်ဆင်းသွားသော အုတ်လမ်းလေးအဆုံး တရုတ်စကားပင်တန်းတစ်တန်းကို ဘွားခနဲ တွေ့လိုက်ရတော့ အံ့အားလည်းသင့်၊ ဝမ်းလည်း သာသွားသည်။ ဘုန်းကြီးကျောင်းဝင်းဆိုတော့ ခြင်္သေ့ တစ်ကောင် စောင်းတန်းမှာလို လူမရှုပ်။ ကထိန်ခင်းမိသားစု တစ်စုလောက်သာသိမ်ကျောင်းထဲမှာတွေ့နေရသည်။ တကယ်တော့ အခုလို တရုတ်စကားပင်တန်းကိုတွေ့တာ ထိုစဉ်က ကံကောင်းလိုက်တာဟု အောက်မေ့ခဲ့တာက အခုတော့ ရယ်မောစရာဖြစ်ခဲ့ပြီ။ စစ်ကိုင်းတောင်မှာ ဘယ်နေရာဘယ်ချောင်၊ ဘယ်လမ်း၊ ဘယ်ဘုရားသွား

သွား တရုတ်စကားပင်အုပ်၊ တရုတ်စကားပင်တန်းနှင့် မလွတ်လေသည်ကို ထိုစဉ်ကမသိ ...။ ထားတော့ ...။

 

တိလောကဂုရုလိုဏ်ဂူတော်

ထိုစဉ်က တရုတ်စကားပင်တန်းနှင့်တွေ့တာ ကံကောင်း သည်ဟု မှတ်နေသော်လည်း ယခုမှ ပြန်လည်စဉ်းစား၍ ကံမကောင်းလေသည်က ထိုတရုတ်စကားပင်တန်းနှင့် တူရူတောင်ကမ်းပါးယံတွင် အင်းဝခေတ်နံရံဆေးရေး

ပန်းချီတွေတစ်စုတစ်ဝေးတည်းရှိရာ တိလောကဂုရုလိုဏ်ဂူ တော်ကြီးရှိမှန်း မသိခဲ့လေခြင်းဖြစ်သည်။ ယခု တရုတ် စကားပင်တွေရှိရာ ဘုန်းကြီးကျောင်းဝင်းကြီးကလည်း “တိလောကဂုရုချောင်” ဆိုတာ ထိုစဉ်ကမသိခဲ့ ...။

သိမ်ကျောင်းကြီးဘေးမှာ ဧရာမညောင်ပင်ကြီးရှိသည်။ ညောင်ပင်ကြီးနှင့် မလှမ်းမကမ်း တိလောကဂုရုလိုဏ်ဂူ

တော်ရှေ့မှာ တရုတ်စကားပင်တန်းရှိသည်။ အေးမြသန့် ရှင်းသောဘုန်းကြီးကျောင်းမြေပေါ် တရုတ်စကားပင်တို့ နေပြောက်မထိုးစတမ်း အကိုင်းအခက် အရွက်ချင်း ယှက်နေကြ၏။ တရုတ်စကားပွင့်တို့ တလင်းပြောင် ပြောင်မှာ ဖြုတ်ဖြုတ်ကြွေသည်။ တိတ်ဆိတ်အေးချမ်းသော ဝန်းကျင်မှာ တရုတ်စကားပွင့်ရနံ့တို့ ထုံနေ၏။ ရင်ထဲမှာ လှိုက်ဖိုစွာခံစားနေရသည်။ သည်မြေ၊ သည်ဝန်းကျင်၊ သည်မြင်ကွင်း ... သည်ရနံ့က ဂမ္ဘီရဆန်စွာ ဖမ်းစား လိုက်သည်။ မေ့မရတော့ ...။

 

စစ်ကိုင်းတောင်၏ရင်ခွင်တွင်း တိုးဝင်ပူးကပ်မိတော့

ပထမအကြိမ် ညှို့ယူဖမ်းစားခံလိုက်ရကတည်းက

တရုတ်စကားပင်ကို စွဲလန်းသွားသည်။ စစ်ကိုင်းတောင် ရိုးကို စွဲလန်းသွားသည်။ စစ်ကိုင်းတောင်ဟုဆိုလျှင် တရှိုက်မက်မက်၊ တမက်တမောမော၊ တမောလျလျ

ရင်ခုန်နစ်မွန်းသွားတော့သည်။ စိုးရိမ်ကြီးလွန်းသော လူကြီးများမို့ သူတို့နှင့်လက်လွှတ်ကင်းဝေးခရီးမျိုးကို စစ်ကိုင်းတောင်မျှပင် ခွင့်မပြုလေသောအခါ တစ်နှစ်မှ တစ်ခါ ကထိန်ရာသီကို လက်ချိုးရေတွက် စောင့်မျှော်နေ မိသည်။ သည်လိုနှင့် ... နောက်နှစ် ... နောက်နှစ် ... တွေမှာ ..၊ ကနီချောင်၊ တောတောင်ဘီလူးချောင်၊ ရေဦး တိုက်သစ်၊ အေးမြို့ကြီးချောင်၊ တစ်ပဲသာချောင်၊ ရွှေကျောင်း ချောင်၊ ဈေးချိုချောင်စသည်ဖြင့် စစ်ကိုင်းတောင်၏ ရင်ခွင် တွင်း တိုးဝင်ပူးကပ်မိတော့ ပြောမပြနိုင်လောက်အောင်ပင်

စွဲလန်းမိချေပေါ့။ ဘုရားပရိဝုဏ်အတွင်းက တရုတ်စကား ပင်၊ ကြေးညောင်ရေတကောင်းတွင်းက တရုတ်စကား ခက်နှင့် အပွင့်၊ ကျောင်းဝင်းတလင်းပြင်က တရုတ် စကားပင်၊ မကန်းအုတ်လှေကားဟောင်းဘေးက တရုတ် စကားတန်း ...။ တောင်ကြောကမ်းပါးယံကြားက တရုတ် စကားအုပ်...၊ စောင်းတန်းတစ်ဖက်တစ်ချက်က တရုတ် စကားတော...၊ လျှိုမြောင်လမ်းကြားက တရုတ်စကားမြိုင်။

ကွယ်တို့ရယ် ...၊ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည် ကန့်လန့်ပါပါရစေတော့ ...၊ “နုနယ် ညက်ပါး ... သနပ်ခါးမွှေးတယ်၊ ကျော့ရှင်းကေသာ ... တရုတ်စကားတစ်ပွင့်ပန်တယ်၊ ကော့ရွှန်းမျက်ဝန်း ... ဆွဲယူမွှေ့တယ်” ဆိုလေတော့ စစ်ကိုင်းတောင်ကို ဘယ့်နှယ် မေ့နိုင်တော့မှာလေလဲ ....။

 

တစ်မြို့လုံးနီးပါး စစ်ကိုင်းတောင်ရိုးတွင်

သမိုင်းပြောင်မညှိုးသည့် စစ်ကိုင်းတောင်တော်ရိုးသည် နှစ်ပေါင်းအတီတေကတည်းက တည်ရှိခဲ့ရုံမက မန္တလေး ထက် နှစ် ၁၀၀ နီးပါး စောစီးစွာ မြို့ပြပုံရိပ် ထွန်းကားခဲ့ သည်။ စစ်ကိုင်းတောင်ရိုးသာသနာကတော့ ဟိုပုဂံခေတ် ကတည်းက ရောင်ဝါနေသို့ ထွန်းခဲ့တာသေချာသည်။ မည်သို့ဆိုစေ စစ်ကိုင်းတောင်က မန္တလေးအတွက်

ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုင်ရာ အောင်မြေဘူမိ နက်သန်ဖြစ်သည်။ ရတနာပုံနေပြည်တော်ခေတ်မှသည် ခေတ်အဆက်ဆက် မန္တလေးအတွက် ကပ်ကြီးသုံးပါး ကြုံလေတိုင်း တောင်ရိုးတန်းစစ်ကိုင်းဘက်ဆီချည်း ခိုလှုံ ခဲ့ကြရသည်။ အထင်ရှားဆုံးကား ဒုတိယကမ္ဘာစစ်ကြီး ကာလ မန္တလေးတစ်မြို့လုံး မီးဟုန်းဟုန်းတောက်ကာ

စစ်ဘေးဒဏ်သင့်ချိန်တွင် တစ်မြို့လုံးနီးပါး စစ်ကိုင်း တောင်ရိုးတွင် သုံးနှစ်သုံးမိုးမက ခိုလှုံခဲ့ကြရသည်။

 

စစ်ကိုင်းတောင်အောင်မြေကို စိတ်ကရည်မှန်းပြီး

စစ်ကြီးအပြီး ကိုယ့်မြို့ကိုယ့်ရွာအပြန် ပြန်လည်

ထူထောင်ရေးအားမာန်အတွက် စစ်ကိုင်းတောင် အောင်မြေ ကတည်းက ‘မန္တလေးဆိုရွှေမြေ ဒို့ရတနာပုံနေပြည်

တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ၊ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာစီမံကြံစို့လေ။ မေ့မေ့ပျောက် ပျောက် အောက်မေ့လို့နေ၊ တိုက်တာအိမ်ခြေ စည်းစိမ်ရှင် တွေ လူကြံရင်ခံနိုင်ဘူး အထူးပင်မှတ်ကြပေ၊ အရင်လိုပျော် ပျော်ရွှင်ရွှင်နေ မြို့မအသင်းကပြောမလေ၊ ဖြစ်ဟဲ့ဆို ဖြစ်ရ မယ်တဲ့ တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေ” ဟု ကြွေးကြော်ကာ ပြည်တော်ဝင်ခဲ့ကြသည်မဟုတ်ပါ လား။ ယခုကပ်ရောဂါဘေးကြောင့် နှစ်သက်မြတ်နိုးဖွယ် သင်္ကြန်အခါတော်ကို အလိုက်တသိရှောင်လွှဲကာ ဥပေက္ခာ ပြုပြီးနောက် မင်္ဂလာရှိသောနှစ်သစ်တွင် ကျန်းမာရေး၊

စီးပွားရေး၊ လူမှုရေးသာမက နိုင်ငံရေးကိုလည်း အသစ် တစ်ဖန် ပြန်လည်ထူထောင် အားမွေးကြမို့ စစ်ကိုင်းတောင် အောင်မြေကို စိတ်ကရည်မှန်းပြီး စိတ်ရောကိုယ်ပါ အားအင်တောင့်တင်းခိုင်မာစွာ ပြည်တော်ဝင်ကြရပေ ဦးမည်။ ။

 

ကြေးမုံ