နေပြည်တော် ၂၄ အောက်တိုဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်း ပေးပို့ချက်အရ အောက်တိုဘာ ၂၀ ရက်နှင့် ၂၂ ရက်နေ့အတွင်း သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးလျက်ရှိသည်။
ထိုသို့ဖမ်းဆီးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကျွန်းလှမြို့နယ်၊ ချောင်းစောက်ကျေးရွာ၏ အရှေ့မြောက်ဘက် (၄)မိုင်ခန့်အကွာ နန့်ဘရန်ချောင်းဘေးနေရာ၌ JIENENG အင်ဂျင်(၁)လုံးပါ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်အင်သစ်/ခွဲသား ၅၅ ဒသမ ၄၅၇၆ တန်၊ ကလေးဝမြို့နယ်၊ မိုးကောင်းချောင်းနှင့် မြတောင်ချောင်းအနီးဝန်းကျင်မှ တရားမဝင် အင်ခွဲသား ၊ ၁၃ ဒသမ ၉၄၁၄ တန် ၊ အင်းတော်မြို့နယ်၊ သက္ကယ်ကျင်းရွာမြောက်ဘက် အောက်တောကြိုးဝိုင်း(၃၀၊ ၃၁) အတွင်းနေရာတို့၌ တရားမဝင်ကျွန်းသစ် ၊ (၁၄ ဒသမ ၄၃၇၀)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
( သတင်းစဉ်)


