အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍  အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသော ရှေ့လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပဆဲနှင့် ကျင်းပပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခြေအနေအရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အာဏာကိုရယူပြီး ဒီမိုကရေစီစနစ် ကို ဖျက်ဆီးလိုက်ခြင်းမဟုတ်ဘဲ ဒီမိုကရေစီစနစ် ယိုယွင်း ပျက်စီးသွားစေမည့် အခြေအနေတစ်ရပ်ကို ဝင်ရောက် ထိန်းသိမ်းကာ ပြန်လည်တည့်မတ်ရန် ဆောင်ရွက်ရခြင်း ပင်ဖြစ်သည်။ ဒီမိုကရေစီဟူ၍ နှုတ်မှတဖွဖွ မည်မျှပင် ရေရွတ်နေစေကာမူ စစ်မှန်ခြင်းမရှိသော ဟန်ပြဒီမိုကရေစီ၊ စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီများလည်းရှိနေပြီး အများကြိုက် ဟန်ဆောင်ဖုံးကွယ်ထားခြင်းဖြင့် ဒီမိုကရေစီစနစ်ပျက်စီး ကျဆုံးနေသော နိုင်ငံများ ကမ္ဘာတွင် အများအပြား ရှိနေကြသည်။ ဒီမိုကရေစီသည် ယိုယွင်းပျက်စီးတတ်သော သဘောရှိပြီး လူထုအကြိုက် နိုင်ငံရေးခေါင်းဆောင်များကပင် ဒီမိုကရေစီပျက်စီးယိုယွင်းမှု၏ လက်သည်များဖြစ်သည့် အလျောက် ၎င်းကို ထောက်ခံသူ၊ ကြိုက်နှစ်သက်သူ လူထုက ဒီမိုကရေစီ ပျက်စီးယိုယွင်းမှုကို မြင်နိုင်စွမ်းမရှိကြကြောင်း နိုင်ငံရေးပညာရှင်များက ဆိုမိန့်သည်။

 

ကမ္ဘာ့နိုင်ငံများ၌ စစ်ဘက်မှ နိုင်ငံအာဏာသိမ်းသည့် ဖြစ်ရပ်များတွင် ဒီမိုကရေစီစနစ်ကျဆုံးသွားသည့် သရုပ်သကန်များကို ပီပြင်စွာ မြင်တွေ့ကြရသော်လည်း လူထုအကြိုက် နိုင်ငံရေး ခေါင်းဆောင်များကြောင့် ဒီမိုကရေစီစနစ် ကျဆုံးမှုများတွင်မူ ဒီမိုကရေစီ၏ အပေါ်ယံသွင်ပြင် လက္ခဏာများ ဆက်လက်တည်ရှိနေကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မပျက်မယွင်းရှိနေပြီး ရွေးကောက်ပွဲများလည်း အချိန်မှန်မှန် ဖြစ်နေသည်။ လမ်းပေါ်ဆန္ဒပြမှုများနှင့် အကြမ်းဖက် အဓိ ကရုဏ်းများလည်းမရှိ။ အစိုးရက ပြုလုပ်သည့် ဒီမိုကရေစီစနစ်ကို ယိုယွင်းစေသည့် လုပ်ရပ်များသည်ပင်လျှင် တရားဝင်မှု၊ တရားမျှတမှုတို့ ရှိနေသည်ဟု လက်ခံကြသည်။ လူအများက ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲနေသည်ဟု ယုံကြည်နေကြသည့်တိုင် ဒီမိုကရေစီစနစ် ယိုယွင်းပျက်စီးနေပြီဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ပြည်သူလူထု ရွေးကောက်တင်မြှောက်သည့် အစိုးရနှစ်ရပ် ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဒီမိုကရေစီစနစ် ကျင့်သုံးမှုသက်တမ်းနုနယ်သေး သည်နှင့်အမျှ နိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မြဲရန်မှာ နိုင်ငံကို ဦးဆောင်ကြမည့် နိုင်ငံရေးခေါင်းဆောင်များ၏ စိတ်စေတနာ၊ အမြော်အမြင်၊ ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာတို့အပေါ်တွင် အဓိကတည်မှီနေသကဲ့သို့ ပြည်သူ လူထု အပေါ်တွင်လည်း အခြေခံသည့်အလျောက် နိုင်ငံတော်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် မိမိတို့၏ ကာယ၊ ဉာဏ စွမ်းအားများဖြင့် ပါဝင်ကြရမည် ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း