နေပြည်တော် အောက်တိုဘာ ၂၃
စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက် အမှာစကား ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သူများ တာဝန်ထမ်းဆောင်ပြီးချိန်တွင် အလုပ်အကိုင်ရရှိရေးအတွက်ဖြစ်ကြောင်း၊ စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်သူများဆိုသည်မှာ တပ်မတော်တွင် အမြဲတမ်းစစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တရားဝင် နုတ်ထွက်ခွင့် ရရှိခဲ့ကြသည့် ကြည်း၊ ရေ၊ လေ တပ်မတော်သား များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင်သတ်မှတ်ချက်နှင့်အညီ တာဝန်ထမ်းဆောင် ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများ ဖြစ်ပါကြောင်း၊ အမြဲတမ်းစစ်မှု ထမ်းများအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ကွပ်ကဲမှုအောက် ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယခု ဤကော်မတီ ဖွဲ့စည်းပြီးနောက်ပိုင်း တွင်လည်း ပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၈ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းကော်မတီငါးခုကို ဖွဲ့စည်းထားရှိပြီး ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
ကော်မတီ၏ လုပ်ငန်းတာဝန်ပါ အချက်များနှင့်အညီ စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီး ပြန်လည် နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများကို အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှု၊ လက်မှုအတတ်ပညာများကို အဆင့်မီစွာ တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရေး၊ သင်တန်းတက်ရောက် အောင်မြင်ပြီးသူများကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းမှ အသိအမှတ်ပြု လက်မှတ် (Certificate of Recognition) ထုတ်ပေးရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြုလက်မှတ်များကို အစိုးရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိက လုပ်ငန်းများမှ အသိအမှတ်ပြု၍ အလုပ်နေရာ ခန့်ထား ဆောင်ရွက်ပေးရေး၊ ပြန်လည် နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား အလုပ်သမား ဝန်ကြီးဌာနမှ ပြည်တွင်းအလုပ် သမားကတ် (Labour Card)ပြုလုပ်ထုတ်ပေးခြင်းနှင့် ပြည်ပ အလုပ်အကိုင်ရရှိရန် ပြည်ပအလုပ်သမားကတ် (OWIC- Overseas Worker Identification Card) ထုတ်ပေးခြင်း၊ Agency များနှင့် ဆက်သွယ်၍ အလုပ်အကိုင် ရှာဖွေပေးခြင်းများကို အလုပ်သမား ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသော ပြည်သူ့စစ်မှုထမ်းများကို ပြည်သူ့စစ်မှုထမ်းတာဝန် မထမ်းဆောင်မီ ၎င်းတို့တာဝန်ထမ်း ဆောင်ခဲ့သော အစိုးရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းနှင့် အဖွဲ့အစည်းများတွင် မူလအလုပ်အကိုင်၊ လုပ်ငန်းနေရာများအလိုက် ပြန်လည်ခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ၏လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


