စစ်တွေ  အောက်တိုဘာ  ၂၇

 

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားများအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယခုသင်တန်းတွင် သင်တန်းသူ တစ်ဦးချင်းအတွက် သင်ထောက်ကူပစ္စည်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် အကောင်းဆုံး ဆောင်ရွက်နိုင်သည့် သင်တန်းသူများကိုလည်း ပထမဆု၊  ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ  ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြများအနေဖြင့်သင်တန်းသူများအပေါ် စေတနာထားပြီး အကောင်းဆုံး သင်ကြားပြသပေးကြရန် တိုက်တွန်းပြောကြားပြီး အခြေခံစက်ချုပ် သင်တန်းအတွက် ချီးမြှင့်ငွေကျပ် ၁၉၆ သိန်း ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး  ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို  ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။  

 

တင်ထွန်း(ပြန်/ဆက်)