နေပြည်တော်    အောက်တိုဘာ    ၂၁

စစ်တွေမြို့နယ်အတွင်း   အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခြင်းကို  ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများဆောင်ရွက်ပေးနေမှုနှင့်   ပင်စင်လစာထုတ်ပေးနေမှုကို   ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်  တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းများ၊ စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ  အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများက အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး  အငြိမ်းစားဝန်ထမ်းများအတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့်  ဆန်နှင့်  စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)