တက္ကသိုလ် ဇော်ထူးဦး

အရေးကြုံတိုင်း ကူညီဆောင်ရွက်ကြပါဟုဆိုလျှင် မြန်မာလူမျိုးတို့မှာ လက်နှေးသူများ မဟုတ်ကြပါ။ မိမိတို့တတ်အားသရွေ့ ငွေအား၊ လူအား၊ စိတ်ဓာတ်အား ဖြင့် ဝိုင်းဝန်းကူညီကြသည်သာဖြစ်၏။ မြန်မာလူမျိုး တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဒုက္ခရောက်နေသူအားကူညီပေးတတ်ကြသည်မှာ စေတနာ့ဝန်ထမ်း စိတ်ဓာတ်ဖြစ်၏။ မြန်မာလူမျိုးတို့၏ စေတနာ့ဝန်ထမ်း စိတ်ဓာတ်သည် ကမ္ဘာပေါ်တွင် အရက်ရောဆုံး၊ အပေး လှူဆုံးလူမျိုးအဖြစ် မှတ်တမ်းတင်ရသည်ပင်ဖြစ်သည်။

ယနေ့အချိန်အခါတွင် ကိုဗစ်- ၁၉ ရောဂါသည် နေရာဒေသအနှံ့ပျံ့နှံ့လျက် ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ် ရှိနေ ၏။ နိုင်ငံအများအပြားမှာ ရောဂါပိုးကူးစက်မှုကြောင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ရပ်တန့်သွားကြပြီး ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို သတိကြီးစွာလုပ်ဆောင်နေကြချိန်ဖြစ်သည်။ မည်သည့်အချိန်တွင်ပျောက်ကင်းမည်ကို မှန်းဆ၍မရ ဖြစ်နေကြသည်။


ဘေးအန္တရာယ်ကျရောက်မှုများတွင် ကပ်ရောဂါ သည် အဆိုးရွားဆုံးနှင့် တုံ့ပြန်ရအခက်ခဲဆုံးဖြစ်၏။ သဘာဝကြောင့်ဖြစ်သည့် လေဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ ငလျင်ဘေးစသည်တို့ထက် အန္တရာယ်ပိုများ၏။ ကူညီကယ်ဆယ်ရေးနှင့် စီမံခန့်ခွဲရသူများအတွက်လည်း အန္တရာယ်များလှ၏။ ကပ်ရောဂါဘေးကို တုံ့ပြန်နေကြ သူများမှာလည်း ရောဂါကူးစက်ခံရမှုကြောင့် လူကောင်း ပကတိမှ လူနာဖြစ်သွားတတ်ကြသည်။

အားကိုးရသည့်စေတနာဝန်ထမ်းများ

ကပ်ရောဂါဘေးကို ရှေ့တန်းမှရင်ဆိုင်တိုက်ပွဲဝင်ရသူများမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်၏။ ကျန်းမာ ရေးလုပ်သားများသည် ရောဂါသံသယရှိသူများနှင့် ရောဂါကူးစက်ခံရသူများကို ပထမဆုံးပြုစုကုသပေး ရသူများဖြစ်၏။ ထိုသို့ပြုစုကုသမှုပေးနိုင်ရန် အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိသူများက စီမံခန့်ခွဲပေးကြရ၏။ ထိုသူတို့မှာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည့်အတွက် ကပ်ရောဂါဘေး ကျရောက်သည့်အခါတွင် လုပ်ငန်း တာဝန်များပြားကာ ဝန်ထမ်းအင်အားမှာလည်း အကန့်အသတ်ရှိကြ၏။ ရေရှည်ဘေးဒုက္ခတုံ့ပြန်ရေးတွင် အခက်အခဲရှိကြ၏။ သို့အတွက် ရှေ့တန်းမှရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကိစ္စများကို ကူညီနိုင်ရန် စေတနာ့ဝန်ထမ်းများ၏ အင်အားကို ရယူကြရသည်။

စေတနာ့ဝန်ထမ်းများတွင် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများ၊ နည်းပညာနှင့် ထောက်ပံ့ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ရန်ပုံငွေရှာဖွေရေးဆိုင်ရာကျွမ်းကျင် သူများ၊ လုပ်အားနှင့်အချိန်ကိုပေးလှူနိုင်သူများ စသည် ဖြင့် ကဏ္ဍအလိုက်အကူအညီပေးနိုင်ကြ၏။ စေတနာ လုပ်အားရှင်များဟု သတ်မှတ်နိုင်သော စေတနာ့ ၀န်ထမ်းများ၏ အခန်းကဏ္ဍသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အင်အားတစ်ရပ်အဖြစ် ရှိနေကြသည်။

အရေးကြုံလာတိုင်း စေတနာလုပ်အားရှင်များ ကူညီဝိုင်းဆိုသကဲ့သို့ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်နှင့် ဘေးဒုက္ခကျရောက်မှုများတွင် စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ အင်တိုက် အားတိုက် ကူညီပေးအပ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ကြရ၏။ နာဂစ်မုန်တိုင်းကအစ ရေဘေး၊ လေဘေး၊ စစ်မက်ဘေးများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ပေးခဲ့ကြ၏။ ယနေ့အခါတွင် ရင်ဆိုင်နေရသော ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ကပ်ရောဂါဘေးတွင်လည်း စေတနာလုပ်အားရှင်များ ပါဝင်ကူညီကြရပြန်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခေတ်စနစ်များအရ အသင်းအပင်းဖွဲ့ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ လူမှုရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်ခွင့်မရှိခဲ့ဘဲ အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ရခဲ့၏။ အစိုးရက ထိန်းချုပ်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းပေးထားသော အသင်းအဖွဲ့ များကသာ လုပ်ကိုင်ခွင့်ရှိခဲ့၏။ ဒီမိုကရေစီအစိုးရ လက်ထက်တွင်မူ အသင်းအဖွဲ့ ဖွဲ့စည်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များစွာ ပေါ်ထွက်လာ ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေး အဖွဲ့များ၊ စေတနာသွေးလှူရှင်အသင်းများသည် ရပ်ရွာ လူထု၏လိုအပ်ချက်များကို တတ်အားသရွေ့ ကူညီနေကြ သည်သာမက၊ ဘေးအန္တရာယ်ကျရောက်ချိန်နှင့် အရေးပေါ် ကိစ္စများတွင်ပါ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းဌာန ဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိနေကြ သည်ကိုတွေ့ရ၏။ စေတနာ့ဝန်ထမ်း လုပ်ငန်းဖွံ့ဖြိုးလာချိန်တွင် စေတနာလုပ်အားရှင်အဖြစ် ပါဝင်လိုသူများ အတွက် စေတနာ့ဝန်ထမ်းလုပ်ငန်းနှင့်ပတ်သက်၍ သတင်း စကားများကို ဖော်ပြလိုပါသည်။

“စေတနာ့ဝန်ထမ်းဆိုသည်မှာ အကျိုးအမြတ်ကို မမျှော်ကိုးဘဲ မိမိဆန္ဒအလျောက်လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့အတွက် လုပ်အားနှင့်အချိန်ကို ပေးလှူသူဖြစ် သည် ” စေတနာ့ဝန်ထမ်းသည် အခကြေးငွေ အကျိုးခံစားခွင့်ကိုရယူကာဆောင်ရွက်ခြင်းမျိုးမဟုတ်သကဲ့သို့ လခစား ဝန်ထမ်းလည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း လုပ်ငန်းသည် ငွေကြေးအကျိုးအမြတ်အတွက် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ လိုအပ်နေသူများအတွက် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆောင်ရွက်သော လုပ်ငန်းဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်ဆောင်မည့် သူသည် ပါဝင်လုပ်ဆောင်မည့် လုပ်ငန်းသဘောသဘာဝကို သိရှိနားလည်ပြီး ပုံမှန်ဘဝရပ်တည်ရေးအတွက် လုပ်ငန်း တာဝန်များကို လုပ်နေသည့်အချိန်မှအပ အားလပ်သော မိမိ၏ ကိုယ်ပိုင်အချိန်နှင့် လုပ်အားကို ပေးလှူခြင်း ဖြစ်သည်။

အကျိုးအမြတ်မယူသောအဖွဲ့အစည်း

စေတနာ့ဝန်ထမ်းတစ်ဦးသည် လွတ်လပ်စွာရွေးချယ် ပိုင်ခွင့်ရှိပြီး အချိန်ပေးနိုင်ရမည်။ လုပ်အားပေးရာတွင် ကျွမ်းကျင်မှုရှိရမည်။ ပုံမှန် သို့မဟုတ် အခွင့်အခါသင့်သလိုပါဝင်နိုင်ရမည်။ လျော်ကြေးနစ်နာကြေးကို မမျှော်မှန်းသူ ဖြစ်ရမည်။ လုပ်ဆောင်မှုအတွက် လက်ခံနိုင်သောကုန်ကျ စရိတ်နှင့် စိုက်ထုတ်မှုများကို ပြန်လည်တောင်းပိုင်ခွင့် ရှိသည်။ လုပ်ငန်းဆောင်ရွက်စဉ် အသက်ရှင်ရပ်တည်ရေး အတွက် လိုအပ်ချက်များကို ခံစားပိုင်ခွင့်ရှိသည်။ တရားဝင် အသိအမှတ်ပြုထားသော ပြည်တွင်း၊ ပြည်ပအသင်းဝင် ဖြစ်ရမည်ဟု ဆိုသည်။

စေတနာ့ဝန်ထမ်းလုပ်ငန်းသည် အကျိုးအမြတ်မယူ သောအဖွဲ့အစည်း သို့မဟုတ် စီမံချက်လုပ်ငန်းများနှင့် ယင်းတို့နှင့် ဆက်နွှယ်သောလှုပ်ရှားမှုများ လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်၏။ ထိုသို့ဆောင်ရွက်မှုများသည် လူမှုအသိုက်အဝန်းနှင့် စေတနာ့ဝန်ထမ်းများအတွက် အကျိုးရှိရမည်။ မိမိ၏ကိုယ်ပိုင်လွတ်လပ်သော စိတ်ဆန္ဒ ဖြစ်ရမည်။ အကျပ်ကိုင်ခိုင်းစေခြင်းမဖြစ်စေရ။ ငွေကြေး ရယူခြင်းမရှိစေရ။ စေတနာ့ဝန်ထမ်းရာထူး သတ်မှတ်ချက်သာ ဖြစ်ရမည်။

စေတနာ့ဝန်ထမ်းစနစ်ကို ဖော်ဆောင်ရာတွင် သတ်မှတ်ထားသော အခြေခံမူများရှိ၏။ ယင်းတို့မှာ- လွတ်လပ်စွာဆောင်ရွက်မှုကိုအခြေခံသည်။ အစိုးရ၏ ထောက်ပံ့မှုကို ရယူခံစားခွင့်မရှိ။ ငွေကြေးအကျိုးအမြတ် ကို မျှော်လင့်မှုမရှိရပါ။ ဝန်ထမ်းဦးရေလျှော့ချခြင်း၊ ဝန်ထမ်းနေရာတွင် အစားထိုးခြင်းမဖြစ်စေရ။ အစိုးရ၏ လုံခြုံရေးကို ထိခိုက်မှုမဖြစ်စေရ။ လူမှုဝန်းကျင်နှင့် လူမှု ဘဝဖွံ့ဖြိုးရေးအတွက် လူတိုင်းတရားဝင်ပါဝင်နိုင်သည်။ လူထု၏ တောင်းဆိုအကြံပြုချက်ကို အလေးထား လုပ်ဆောင်ရမည်။ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုကို မြှင့်တင်ပေးရမည်။ အခွင့်အရေး ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများကို လေးစားရမည်။ တန်းတူညီမျှအခွင့်အရေးပေးရမည်။ ခွဲခြားဆက်ဆံ မှုမလုပ်ရ။ ဒီမိုကရေစီစနစ်ကိုလိုလားသော၊ ကွဲပြား ခြားနားမှုကိုနားလည်သော၊ ပူးပေါင်းပါဝင်သော၊ လူထု၏ သက်ဝင်ယုံကြည်မှုကို ရည်မှန်းသော အမြင်ရှိရမည်ဖြစ်သည်။

လုပ်ငန်းကဏ္ဍအလိုက် စေတနာ့ဝန်ထမ်းလုပ်ဆောင် ပေးသူများကိုကြည့်လျှင် မူဝါဒရေးဆွဲသူနှင့် ထိန်းကျောင်း ပေးသူများ၊ စီမံအုပ်ချုပ်ရေးကိုဆောင်ရွက်ပေးသူများ၊ လုပ်ငန်းနှင့် လှုပ်ရှားမှုကိုဆောင်ရွက်ပေးသူများ၊ ရန်ပုံငွေ ရှာဖွေပေးသူများနှင့် ကျွမ်းကျင်မှုဆိုင်ရာတတ်မြောက်သူများပါဝင်သည်။ စေတနာ့ဝန်ထမ်းဆောင်ရွက်လိုသူ များသည် အသင်းအဖွဲ့၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ အရ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိ၏။ အရည်အသွေး မြင့်မားရေးအတွက် သင်တန်းများ တက်ရောက်နိုင်၏။ တာဝန်ထမ်းဆောင်ရန်အတွက် လိုအပ်သော ပစ္စည်း ကိရိယာများကို အထောက်အပံ့အဖြစ် ရရှိခွင့်ရှိသည်။

စေတနာ့ဝန်ထမ်းအဖြစ် မည်သူမဆိုပါဝင် ဆောင်ရွက်ခွင့်ရှိသော်လည်း အသင်းအဖွဲ့တစ်ခု၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်သောလုပ်ငန်းများသည်သာ အောင်မြင်မှုကို ရနိုင်၏။ ရပ်ရွာအတွင်းစုပေါင်းဆောင်ရွက် သော သာရေး၊ နာရေးကိစ္စများကအစ လမ်းပြင်တံတားဆောက်လုပ်ငန်းများတွင် စေတနာအလျောက်ပါဝင် နိုင်ကြ၏။ သို့သော် ဘေးဒုက္ခကျရောက်မှုများ၊ ကပ်ရောဂါကျရောက်မှုများနှင့် ပဋိပက္ခဖြစ်ပွားမှုများတွင် ပါ၀င်ဆောင်ရွက်နိုင်ရန်မှာ အကန့်အသတ်များရှိ၏။ ထိုသို့သော အခြေအနေများတွင် ရွေးချယ်လေ့ကျင့် ပေးထားသော စေတနာ့ဝန်ထမ်းများကသာ ဆောင်ရွက် နိုင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကူညီမှုဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်သလို အသက်အန္တရာယ်ထိခိုက် နိုင်သောကြောင့် ဖြစ်သည်။

ရုပ်ပိုင်း၊ စိတ်ပိုင်းကြံ့ခိုင်ရေးကြိုတင်ပြင်ဆင်ထားရန်လို

ထို့ပြင် ထောက်ပံ့ကူညီမှုလုပ်ငန်းများသည် အချိန် ကာလကြာမြင့်လာသောအခါ စွမ်းအားလျော့ကျလာပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်လာနိုင်၏။ သို့အတွက် ဘေးဒုက္ခသင့်သူကဲ့သို့ စေတနာ့ဝန်ထမ်း ကူညီသူများက ပါ ဒုက္ခရောက်တတ်၏၊ ဝေဒနာခံစားကြရ၏။ သို့ဖြစ်၍ စေတနာ့ဝန်ထမ်းဆောင်ရွက်သူများသည် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရန်လိုအပ်လှသည်။ စိတ်ဓာတ် ပြင်းပြမှုတစ်ခုတည်းနှင့် မရနိုင်ပါ။ ယနေ့ကြုံတွေ့နေ ရသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေတွင် ကျန်းမာရေးဝန်ထမ်းများသာမက စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များသည် အချိန်မရွေး ရောဂါကူးစက်မှု ခံရနိုင်၏။ ကရုဏာစိတ်၊ စာနာစိတ်ချည်း သက်သက်ဖြင့် မရ။ ကိုယ်ကိုယ်တိုင် ကျန်းမာရေးကောင်းရန်လိုအပ်သလို သတ်မှတ်ထားသော လိုက်နာရန်အချက်များကိုလည်း သိရှိလိုက်နာရမည်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံများတွင် အရပ်ဘက်ဆိုင်ရာအဖွဲ့ များ၏ အင်အားကို အလေးထားကြ၏။ စေတနာ့လုပ်အား ရှင် စေတနာဝန်ထမ်းများ၏ ကူညီမှုကိုလည်း အသိ အမှတ်ပြုကြ၏။ အစိုးရများကပင် ဖွံ့ဖြိုးရေးနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စုစည်းလေ့ကျင့်ပေး ထားကြ၏။ စေတနာ့ဝန်ထမ်းလုပ်ငန်းများ စေတနာ ဝန်ထမ်းများအတွက် ပေါ်လစီနှင့် မူဝါဒများကို ပြဋ္ဌာန်း ပေးထားကြ၏။ မြန်မာနိုင်ငံအနေဖြင့်လည်း စေတနာ့ဝန် ထမ်းလုပ်ငန်းနှင့် စေတနာ့ဝန်ထမ်းများအတွက် တရား ဝင်အသိအမှတ်ပြုထားသော ပေါ်လစီနှင့် မူဝါဒများကို ရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း။

စေတနာ့ဝန်ထမ်းများသည် အခစားမဟုတ်၊

စေတနာ့ဝန်ထမ်းများသည် အဆင့်မရှိသူများမဟုတ်၊

စေတနာ့ဝန်ထမ်းများသည် တန်ဖိုးမဖြတ်နိုင်သူများ ဖြစ်သည်။ ။