အောင်လံ ၂၉ စက်တင်ဘာ

 

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောင်လံမြို့ စက်ရုံရပ်ကွက်ရှိ ဆာပါမြောက်ချောင်းတွင် ချောင်းရေစီးနေစဉ် ကလေးငယ်တစ်ဦး ချောင်းအတွင်းသို့ ခြေချော်ကျပြီး ပျောက်ဆုံးနေမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ ဆာပါမြောက်ချောင်းကမ်းပါးအနီး စခန်းသာ(၆) လမ်းတွင် နေထိုင်သော ဒေါ်အိဖြိုးနှင့် သားဖြစ်သူ ရွာထောင်-အ.ထ.ကမှ ပထမတန်းကျောင်းသား မောင်အောင်မင်းခန့်တို့သည် ၎င်း၏အိမ် အနောက်ဘက်တိုင်ခြေအနီး ကမ်းပါးစောင်းတွင် အိမ်တိုင်၏အခြေအနေအား  ရပ်၍ကြည့်နေစဉ် သားဖြစ်သူ အောင်မင်းခန့်မှာ ခြေချော်ပြီး ချောင်းထဲသို့ပြုတ်ကျကာ မျောပါသွားခဲ့ခြင်းဖြစ်သည်။

 

 

ထို့ကြောင့် အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးညွန့်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်း၍ လိုက်လံရှာဖွေလျှက်ရှိပြီး မောင်အောင်မင်းခန့် ပျောက်ဆုံးနေမှုအတွက် မြို့မရဲစခန်းမှ လူပျောက်မှုဖွင့်လှစ်၍ ဆက်လက်စုံစမ်း ရှာဖွေလျှက်ရှိကြောင်း သိရသည်။           

 

 

သိန်းလွင်(အောင်လံ)