ဆော ၁၁ မတ်
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူ ကလေးများ ဘက်စုံဖွံဖြိုးရေးသင်တန်းများကို ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မတ် ၁ ရက်မှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သင်တန်းနှင့်စပ်လျဉ်း၍ "မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် သင်တန်းကို အချိန်ပိုင်းခွဲပြီး သင်ကြားပို့ချနေပါတယ်၊ သင်ကြားမှုအပိုင်းအနေဖြင့် ပန်းချီ၊ ကာတွန်းရေးဆွဲနည်းများ၊ အင်္ဂလိပ်စကားပြော၊ ပုံပြောနည်းများ၊ အကသင်တန်း၊ ရောင်စုံစက္ကူများဖြင့် အရုပ်၊ ပန်းအလှ လုပ်နည်း အစရှိသည့် ဘာသာရပ်အလိုက် သင်တန်းနည်းပြ (၅)ဦးတို့မှ အချိန်ပိုင်းအလိုက် သင်ကြားပို့ချပေးနေပါတယ်"ဟု မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခိုင်ဇာဝင်းက ပြောသည်။
အဆိုပါသင်တန်းတွင် ကလေးငယ်များအား အသိဉာဏ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ရာ သင်တန်းသားသင်တန်းသူ မူလတန်းအဆင့် (၄၀)ဦး၊ အလယ်တန်း အဆင့်(၄၀)ဦး၊ အထက်တန်းအဆင့် (၄၀)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကို မတ် ၃၁ ရက်အထိ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


