မမလေး
အခန်း(၁)
ဒေါ်အေးလှတို့အိမ်ဘေးမှ စက်ဘီးပြင်ဆိုင်လေးသည် လမ်းအချက်အချာကျ၍ လူစည်လှသည်။ ဆိုင်ရှင်ကလည်း သစ်ပင်ရိပ်အောက်၌ ရေနွေးကြမ်းဝိုင်းလေးဖြင့် တည်ခင်းသဖြင့် ပို၍အသက်ဝင် လှပေသည်။ မနက်ခင်းတွင် အနီးဝန်းကျင်မှ လူကြီးများ၏ ကျန်းမာရေး၊ စီးပွားရေးဆွေးနွေးရာ စကားဝိုင်းလေးဖြစ်သကဲ့သို့ ညချမ်းအချိန်၌လည်း လူငယ်တို့၏ အပန်းဖြေရာ ဂိမ်းကစားဝိုင်းလေးဖြစ်ခဲ့သည်။
“ညက..ဗျာ လက်ဝှေ့ပွဲ တယ်ကောင်းသဗျ၊ ထိုင်းနဲ့ မလေးတို့ အကြိတ်အနယ်ပဲ။”
“ဟုတ်တယ်ဗျ၊ ထိုင်းကအကွက် ကျတယ်နော်။ ကျုပ်တောင် သဘောကျလို့ ဒေါင်းလော့ခ် ဆွဲထားသေးတယ်ဗျ။”
ဦးရွှေလင်းစကားကို ဦးအောင်ကိုက ထောက်ခံလျက် လက်ထဲမှဖုန်းကို လျင်မြန်စွာ လော့ခ်ဖွင့်လိုက်သည်။
“လုပ်စမ်းပါဦးဗျ၊ sky net က လွှင့်တာဆိုတော့ ကျုပ်တို့အိမ်မှာက ကြည့်မရဘူးဗျာ၊ ဖုန်းကလည်းမကိုင်နိုင် တော့ မကြည့်ရဘူးဗျ။”
ဦးတင်ဖေက ဦးအောင်ကို၏ ဖုန်းလေးကိုငဲ့စောင်းကြည့်ကာ ပြောလိုက်သည်။ ဦးအောင်ကိုက လက်ဝှေ့ပွဲကိုဖွင့်၍ ဖုန်းကိုစားပွဲပေါ်သို့ တင်ကာပြလိုက်၏။ ဦးတင်ဖေက ခုံကိုတစ်ဖက်သို့ တိုးလျက်ဖုန်းလေးထံသို့ အားယူကာ တိုးဝှေ့ကြည့်သည်။ ဖုန်းမျက်နှာပြင်လေးမှ လက်ဝှေ့သမားနှစ်ဦး အကြိတ်အနယ်ထိုးပုတ် သတ်ဖြတ်နေသည့်ကို ဦးတင်ဖေ သဘောကျစွာ အားပေးနေ၏။
ထိုမြင်ကွင်းကြောင့်
“သြော် အခုခေတ်ကြီးမှာ လူတိုင်းစေ့နီးပါး ဖုန်းကိုင်နေကြတာ ငါ့ယောကျ်ားမျက်နှာငယ်လိုက်တာ”ဟု စိတ်ထဲတွင် ရေရွတ်လျက် ဒေါ်အေးလှ ရင်ထဲမချမ်းမြေ့လှပေ။
အခန်း(၂)
“မုန့်ဖက်ထုပ်...ပူပူလေး”
နံနက်ခင်း အလင်းဖျော့ဖျော့အချိန်လေး၌ ဒေါ်အေးလှ၏ မုန့်ဖက်ထုပ်ကြော်ငြာလေးကလွင်နေ၏။ မငြိမ်းချမ်းလှ သည့်ဘဝကြောင့် အသက် ၅၀ ကျော်အထိ စျေးတောင်းခေါင်းရွက်ရသည့် မိမိအဖြစ်ကိုလည်း တစ်ခါတစ်ရံ သိမ်ငယ်မိသည်။
ဦးတင်ဖေကလည်း အသက် ၆၀ ကျော်လေပြီ။ ငယ်စဉ်က ကျပန်းလုပ်၍ အိမ်ထောင်တာဝန်ကို ထမ်းပိုးသော်လည်း ယခုမူ သူလည်းအငြိမ်းစားယူလေပြီ။ စုဆောင်းထားသည်ကလည်း အထုပ် အထည်မရှိ၍ ဝမ်းစာတိုက်ပွဲ ဆက်လက်ဆင်နွှဲနေရ၏။
စားရေးအတွက် အခက်ကြုံ၍ ကိုယ်စွမ်းရှိသမျှ ရုန်းနေချိန် မနေ့က ခင်ပွန်းဖြစ်သူ တခြားသူ ဖုန်းအား စောင်းငဲ့ကြည့်နေသည့် မြင်ကွင်းကြောင့် သူပို၍ကြိုးစားရပေဦးမည်။ ထို့ကြောင့် မာန်တင်း၍ ခပ်ကျယ်ကျယ်လေး သံကုန်ဟစ်လိုက်သည်က
“မုန့်ဖက်ထုပ် ပူပူလေး”
“မအေးလှ ရေ....လာပါဦး”
ဝယ်သူခေါ်သံကြားလျှင် ရင်ထဲလှိုက် ခနဲဝမ်းသာသွားရသည်။ အမိုးကြီးအိမ်က ခေါ်၍ပို၍ပျော်ရသည်။ အမိုးကြီးအိမ်က တစ်ခါဝယ်လျှင် ဆယ်ထုပ် ဆယ့်ငါးထုပ် ဝယ်တတ်သည်ပင်။
“မအေးလှရေ တစ်ထောင့်ငါးရာဖိုး ပေး”
မုန့် တစ်ဆယ့်ငါးထုပ်ကို ထည့်လိုက်ပြီး အမိုးကြီးကမ်းပေးသော ငွေကိုလှမ်းယူလိုက်သည်။
“အမိုးကြီး ကျွန်မပြောစရာရှိလို့”
အမိုးကြီးဆိုသည်က ဒေါ်အေးလှ၏ ရပ်ကွက်ထဲတွင် နေ့ပြန်တိုးပေးစားသူ တစ်ယောက်ဖြစ်သည်။ ဒေါ်အေးလှ ခေါ်သံကြောင့် အမိုးကြီးက ဘာကိစ္စလဲ ဟူသော အကြည့်ဖြင့်ကြည့်သည်။
“ကျွန်မ စောစောစီးစီး အားလည်းနာပါတယ်၊ ငွေတစ်သိန်းလောက် လိုချင်လို့”
ဒေါ်အေးလှစကားကြောင့် အမိုးကြီးကပြုံးလျက် “တစ်သိန်းဆိုရင် တစ်နေ့ လေးထောင် ရက်သုံးဆယ်သွင်းရမယ် ပေးနိုင်ရင်ယူလေ”
ထိုစကားကြောင့် ဒေါ်အေးလှ ဝမ်းသာသွားရသည်။
“ပေးနိုင်ပါတယ်၊ ကျွန်မပေးမှာပါ”
“ရတယ်လေ အဲဒါဆို ကျွန်မ တစ်ခါတည်းပေးလိုက်မယ်၊ ယူသွားလေ”
တစ်နေ့ လေးထောင်သွင်းရမည့် အပူကို ရင်ထဲမထည့်မိ။ ခင်ပွန်းဖြစ်သူ လိုချင်နေသည့် ဖုန်းလေးဝယ်ပေးနိုင်တော့မည်ဟူသောအတွေးဖြင့် ပီတိဖြစ်နေပေသည်။
အခန်း(၃)
“အဒေါ်ရယ်၊ ကျွန်မက ပြောသာပြောရတာ ကြားမဝင်ချင်ဘူးရယ်၊ ဒါပေမဲ့ မပြောလို့လည်းမဖြစ်၊ အဒေါ်ကိုလည်း မိန်းမသားချင်း ကိုယ်ချင်းစာလို့သာ ပြောပြရတာပါ” အိမ်နီးချင်းဖြစ်သူ ခင်မော်၏စကားကြောင့် ဒေါ်အေးလှ ငယ်ထိပ်သို့ မြွေပွေးပေါက်သကဲ့သို့ ပြာသွားစေသည်။
“ဟုတ်တယ် ကြီးကြီး သမီးလည်း တွေ့တယ်၊ ကြားလည်းကြားတယ်၊ ဒါပေမဲ့ ကြီးကြီးကို ပြောရမှာအားနာလို့ အမေ့ကို ပြောပြတာ အမေကလည်းမယုံလို့ သမီးနဲ့အမေ နှစ်ယောက် လိုက်ချောင်းကြည့်ကြတာ သေချာလို့ ကြီးကြီးကို ပြောပြတာ”
ခင်မော့်စကားကို သမီးဖြစ်သူကပါ ထောက်ခံနေသည့်အတွက်သည်စကား အမှားဆိုသည်မှာ ဖြစ်နိုင်ဖွယ်မရှိတော့ချေပြီ။ အိုမင်းရင့်ရော်နေတဲ့ အသက် ၅၀ ကျော် ဒေါ်အေးလှ၏မျက်နှာပြင်ပေါ်သို့ သောကဆိုင်ကလုန်း ဝင်ရောက်သွားသည့်အတွက် မျက်နှာသည် တစ်မဟုတ်ချင်း ပို၍အိုစာသွားရသည်။
“အဒေါ်ရယ်၊ ကျွန်မတို့ သားအမိ ပြောတယ်လို့ ပြန်မပြောပါနဲ့နော်”
“အေးပါဟယ်၊ ငါမပြောပါဘူး။ နင်တို့ အခုလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်။ နင်တို့ပြောမှလည်း ငါလည်းသိရတော့ သတိထားစောင့်ကြည့်ရမှာပေါ့”
အပူရုပ်ကို ဟန်လုပ်ပြုံးလိုက်သော်လည်း ရင်ထဲတွင် မည်သည့်နေရာမှ ဖြစ်ပေါ်လာသည်မသိသော အစိုင်အခဲ တစ်ခုက တစ်ဆို့နေ၏။
အခန်း(၄)
“ယောကျ်ား ကျုပ်ခြေထောက်တွေ ကိုက်လိုက်တာတော် ဘယ်လိုဖြစ်လဲ မသိဘူး နေလို့လည်းမကောင်းဘူး”
ဒေါ်အေးလှကို ဦးတင်ဖေ ဖုန်းကြည့်နေရာမှ တစ်ချက်ငဲ့ကြည့်လိုက်သည်။
“စောစောအိပ်လိုက်လေ”
ဦးတင်ဖေ စကားကြောင့် ဒေါ်အေးလှ ခေါင်းညိမ့်မိသည်။ နေ့သွင်း ၄၀၀၀ ပေးနေ ရသည့်အတွက် မနက်ခင်း မုန့်ဖက်ထုပ် ရောင်းရသည့်ငွေနှင့် မလောက်ငှ၍ နေလယ်ခင်းပါ မုန့်လက်ဆောင်း တစ်ကျော့ပြန်ထွက်ရသည်။
လူလည်း ဇရာထောင်းသည့်အတွက် ခံနိုင်ရည်မဲ့လာရပြန်သည်။ ကြားထားရသည့် သတင်းစကားအရလည်း ရင်ထဲ၌မကောင်း။ မေးပြန်လျှင်လည်း မသေချာသည့်အတွက် မမေးလိုတော့။
နေမကောင်းဘူးဟု ညည်းတွားသော်လည်း ဖုန်းကြည့်မပျက်သည့် ခင်ပွန်းသည်၏ အပြုအမူကြောင့် အားငယ်စိတ် ပိုမိသည်။
အတွေးများ ကဆုန်ပေါက်ဝင်လာ၍ မျက်ရည်များရစ်ဝဲလာကာ ကြိတ်၍ငိုမိသည်။
အခန်း(၅)
“မိန်းမ ဒီနေ့ မြို့ထဲသွားစရာရှိလို့ ငွေငါးထောင်လောက်”
စျေးတောင်းခေါင်းချစဉ် ခင်ပွန်း ဖြစ်သူစကားကြောင့် မော်ကြည့်မိသည်။
“မောလိုက်တာ ယောကျ်ားရယ်”
နှုတ်ကသာ ရေရွတ်မိသော်လည်း ငွေငါးထောင်က စျေးတောင်းထဲမှ ပိုက်ဆံဘူးလေးသို့ နှိုက်လျက်သားပင်။
“ဂရုစိုက်သွားနော်”
အိမ်မှထွက်သွားသော ခင်ပွန်းသည်၏ ကျောပြင်ကို ငေးကြည့်နေစဉ် နဖူးမှ ချွေးတစ်စက်က လက်ပေါ်သို့ တောက်ခနဲ မြည်အောင်ကျလာ၏။
“အဒေါ်ရယ် ကျွန်မက မိန်းမချင်းမို့ ပြောရတာပါ”
ခင်မော်၏စကားများ နားထဲပြန်ကြား ယောင်လာသည်။
တစ်နေကုန်ပင်ပန်းသမျှ ညဘက်တွင် ဒေါ်အေးလှအိပ်ရာ စောစောဝင်ခဲ့သည်။ ပင်ပန်းသမျှအတိုးချအနားယူချင် ပါသော်လည်း စိတ်ထောင်းနေသည့်အတွက် အိပ်မပျော်။ ခင်ပွန်းဖြစ်သူကို ခြင်ထောင်တွင်းမှ ငေးကြည့်နေမိသည်။ဖုန်းလေးကိုကြည့်လိုက်၊ စာရေးလိုက်နှင့် မျက်နှာမှာလည်း ပြုံးနေ၏။ မည်သည့် အရာကိုသဘောခွေ့နေသည်မသိ။ ဘေးမှဇနီးမယားကိုပင်ရှိဟန်မတူပေ။
ခဏအကြာ ခြင်ထောင်တွင်းသို့ ငဲ့စောင်းကြည့်သောကြောင့် မျက်လုံးများ မှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်မိသည်။ ဦးတင်ဖေက ဒေါ်အေးလှကို လက်ဖြင့်စမ်းကြည့်လိုက်သည်။ အိပ်ပျော် နေသည်ဟု ယူဆမိမှ အိမ်ပြင်သို့ထွက်၍ အိမ်သာထဲသို့ ဝင်သွား၏။ ဒေါ်အေးလှ ညင်သာစွာထ၍ ခြေဖော့ကာ လိုက်ချောင်း မိသည်။
“ကလေးလေး မနက်က ကိုကြီး ဘေလ်ငါးထောင် ထည့်ပေးလိုက်တာ ရတယ်မလား။
ကိုကြီးက ကလေးကို တကယ်ချစ်တာပါကွာ။ ကလေးနဲ့အတူနေချင်ပြီ။ နှစ်ယောက်တစ်ဘဝပေါင်းပြီး ဘဝတစ်ခု တည်ဆောက်ကြမယ်လေ။ ကိုကြီးဘက်ကတော့ အတွေးတွေနဲ့ ပျော်နေပြီ။ ကလေးလေးရောဟင် ကိုကြီးကိုချစ်လား”
ဘုရား ဘုရား။ ကြားရသည့်စကားများမှာ နားရှက်စရာ။ အသက်အရွယ်နှင့် မလိုက်ဖက်အောင် ချွဲပြစ်ပြောဆိုနေသော စကားလုံးများကို နားထောင်ရန် အင်းအားမရှိတော့။
ဘေလ် ၅၀၀၀ ထည့်ပေးလိုက်တယ်တဲ့လား။
ဒေါ်အေးလှ ရွာရိုးကိုးပေါက်လှည့်ကာ ချွေးတဒီးဒီးနှင့် ရောင်းချထားသည့် ပိုက်ဆံကို လုပ်ရက်လိုက်သည့်ဖြစ်ခြင်း။ ယုံကြည်လွန်း၍ နှစ်ယောက်တစ်ဘဝ တည်ဆောက်ခဲ့သည့် ခင်ပွန်းသည်၏ ဖောက်ပြန်ပြောင်းလဲခြင်းကိုခံရသော မိန်းမသားတစ်ဦး၏ခံစားချက်ကို မည်သို့ ဖော်ထုတ်ပေါက်ကွဲရမည်နည်း။
အခန်း(၆)
ရင်ထဲတွင်ပေါက်ကွဲတော့မည့် အစိုင်အခဲကိုသိုသိပ်ကာ မယားဝတ္တရားမပြတ် ခင်ပွန်းသည်၏ ဝေယျာဝစ္စများကို ဆောင်ရွက်ပေးသည်။ နှစ်ပေါင်း ၃၀ ကျော် ပေါင်းသင်းလာသည့် သူ့အပေါ်တွင်၌လည်း အချစ်မရှိတော့သည်တိုင် သံယောဇဉ်တချို့တော့ရှိနေမည် ထင်ပါသည်။
မလိုအပ်တော့၍ ထားခဲ့လျှင်လည်း ကျန်ရစ်ခဲ့ပါမည်။ မေတ္တာနှင့်စခဲ့သည့်အတွက် မေတ္တာဖြင့်သာ အဆုံးသတ်စေချင်ပါသည်။ ဘေးတွင်အိပ်ပျော်နေသော ခင်ပွန်းကိုကြည့်ကာ ဒေါ်အေးလှ သက်ပြင်းများအကြိမ်ကြိမ်ချမိနေတော့သည်။
“အဝါး...အဝါး...ဝူး...ဝူး....”
နားထဲတွင် စူးစူးဝါးဝါးအော်သံကြောင့် ဒေါ်အေးလှ လန့်နိုးသွားရသည်။
“ဟင် ယောကျ်ား ဘာဖြစ်တာလဲ၊ လာကြပါဦး လာကြပါဦးရှင်၊ ဒီမှာ ကိုတင်ဖေ ဘာဖြစ်မှန်းမသိလို့ လာကြ ပါဦး”
အိပ်ရာထဲတွင် ပါးစပ်များရွဲ့ကာ ခြေလက်များ ကွေးကောက်နေသော ဦးတင်ဖေအဖြစ်ကြောင့် ဒေါ်အေးလှ၏ အော်သံမှာ ညံစီသွားသည်။
အရပ်ကူပါ လူဝိုင်းပါနှင့် ဦးတင်ဖေ ဆေးရုံသို့ ရောက်ခဲ့သည်။ သို့သော် လေဖြတ်သည့်ရောဂါက ဦးသွားသည့် အတွက် ဒုက္ခိတဘဝနှင့်သာ အိမ်ပြန်ခဲ့ရသည်။
ဒေါ်အေးလှ၏ စျေးတောင်းလေး ပို၍လေးခဲ့ပြီ။
အိပ်ရာထက် လဲလျောင်းနေသော ခင်ပွန်းသည်ကို ဝတ်ကြီးဝတ်ငယ် မညည်း မညူပြုစုပေး၏။
ဒေါ်အေးလှ၏ အပြုအစုများကြောင့် မိမိကျူးလွန်ခဲ့သည်များကို ရှက်ရွံ့နောင်တရမိသည်။
ဆန်ပြုတ်ပူပူလေးကို ဖွဖွလေးမှုတ်ပေးနေသော ဇနီးသည်ကိုကြည့်ကာ မျက်ရည်များကျလာ၏။
နောင်တအပြည့် မျက်ဝန်းများနှင့် ကြည့်ကာ
“မိန်းမရယ် ငါ့ကိုခွင့်လွှတ်ပါနော်။ အိမ်ထောင်ရှင်မကောင်း ပီသတဲ့ မင်းအပေါ် သစ္စာဖောက်မိလို့ ငါအပြစ်ဒဏ် တွေခံစားနေပြီ၊ ငါနေပြန်ကောင်းလာရင် မင်းအပေါ် ဖောက်ပြန်ထားခဲ့သမျှ ဒူးထောက်တောင်းပန်ပြီး မင်းရဲ့ပင်ပန်းမှုတွေကိုမျှဝေယူပါ့မယ် အေးလှရယ်” ဟု ပြောသော်လည်း
“အာ...အဝါး...ဝူး...ဝူ...ဝါး...ဝါး...”
ဟူသော ဗလုံးဗထွေးအသံများသာ ထွက်လာ၏။ ခင်ပွန်းသည်၏ မျက်ဝန်းအကြည့်ကို နားလည်သည့်အတွက် ဒေါ်အေးလှလည်း မျက်ရည်များကျကာ လက်ကိုနွေးထွေးစွာဆုပ်ကိုင်လိုက်သည်။
“ယောကျာ်းရယ်..ကျုပ်ကိုအားမနာပါနဲ့၊ ရှင်က ကျွန်မဘဝရဲ့လက်တွဲဖော် ကျွန်မက ရှင့်ရဲ့ဆေးပေးမီးယူလေနော်။”
ဇနီးသည်၏ ဆေးပေးမီးယူ ဟူသော စကားလေးကို နားထဲတွင် ပဲ့တင်ထပ်ကာ ကြားလျက် မျက်ရည်များကြားမှ ဦးတင်ဖေ ပြုံးလိုက်သော အပြုံးသည် မထင်ရှားသော်လည်း အလှဆုံးဖြစ်ပေ တော့သည်။ ။


